|
မော်တခဲ/ဇွန်လှိုင် ၁၊ ၂၀၀၉ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် အပစ်ရပ်အဖွဲ့များမှ ဖွင့်လှစ်ထားသော လေးကောင်ဂျင်ဝိုင်းများ၊ ဂုံးဂင်းဝိုင်းများနှင့် လောင်းကစားဝိုင်းများ၌ အပစ်ရပ်အဖွဲ့များ၏ ခေါင်းဆောင်များသည် ငွေကြေး အဆမတန် လောင်းကြေးထပ်ကာ အချိန်ကုန်ခံပြီး ကစားနေကြသကဲ့သို့ ဒေသခံပြည်သူများလည်း လိုက်ပြီး ကစားနေကြသည်ဟု ကစားဝိုင်းတွင် တွေ့မြင်ခဲ့သူတဦးက ပြောသည်။ ၎င်းက “လေးကောင်ဂျင် ထိုးတဲ့ခါ တစ်ခါထိုးရင် ၁၀သိန်း၊ သိန်း၂၀ ၊ ပေတံနဲ့ တိုင်းပြီး ကစားကြတယ်။” ဟု ပြောသည်။ အပစ်ရပ်အဖွဲ့အစည်းများသည် ငွေကြေး အကုန်ကျခံပြီး ကစားနိုင်သော်လည်း ဒေသခံပြည်သူများသည် ထိုလောင်းကစားဝိုင်းများ ဖွင့်လစ်သည့်နေ့များရှိသ၍ အချိန်ကုန်ခံပြီး လောင်းကြေးထပ်ကစားကြရာ မိမိလက်ထဲတွင် ငွေရှိရန် အမျိုးမျိုး ကြံဆရှာဖွေနေသောကြောင့် အိုးအိမ်များ၊ ခြံများ၊ လယ်ယာမြေများ၊ ဆိုင်ကယ်များ၊ စပါးများ အစရှိသည်များကို ပေါင်နှံရောင်းချမှုများ ပြုလုပ်နေကြ၍ မိသားစု စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေကြရသည်ဟု ဆိုသည်။ လွိုင်ကော်မြို့ရှိ လောင်းကစား အခြေအနေများ သိကျွမ်းထားသူတဦးက “ထီးစဲကလိုး ဥက္ကဌဆိုရင် စပါးပြန်ရောင်းလိုက်၊ ပြန်သွားဆော့လိုက်နဲ့ပဲ တော်တော်ကုန်နေပြီ။” ဟု ပြောသည်။ ပြည်သူပြည်သားများသည် အလုပ်မလုပ်ခြင်တော့ပဲ အချောင်ရအချောင်စား ရသောနည်းများကိုပဲ ရှာဖွေနေကြခြင်းကြောင့် သူခိုးသူဝှက်များ ပေါများးလာကြရကြောင်း ဒီမောဆိုမြို့နယ်မှ ဆိုင်ကယ်အလုခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။ ၎င်းက “ဆိုင်ကယ်ကို ရပ်ပြီး ကွမ်းယာဆင်းဝယ်နေတုန်းမှာပဲ ဆိုင်ကယ်ကို မောင်းပြေးသွားတယ်။” ဟု ပြောသည်။ လေးကောင်ဂျင်ဝိုင်းများကို လွိုင်ကော်နှင့် ဖရူဆိုဈေးနေ့တိုင်း ဖွင့်လှစ်ပေးထားကြောင်းသိရသည်။ |