Home ဆောင်းပါး သဘာဝအလှတွေ အမှတ်တရ ရှိစေချင်
သဘာဝအလှတွေ အမှတ်တရ ရှိစေချင်

ကယားထဲ

အသက် ၃၅ နှစ်ခန့် ရှိတဲ့ အစ်မတစ်ယောက်နဲ့ အသက်၂၄ နှစ်အရွယ်ရှိ မိန်းခလေးတစ်ယောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး ပွန်ချောင်းကမ်းစပ်နှံဘေးမှာ ရှိတဲ့ ကျောက်ဖျာကြီးပေါ်မှာ အ၀တ်တွေ ဖွတ်နေကြတယ်။ ချောင်းရေတွေ တသွင်သွင် စီးဆင်းနေတဲ့ ရေထဲမှာ ကလေး၊ လူငယ်၊ လူကြီးမရွေး ရေချိုးသူကချိုး၊ ရေကူးသူကကူးနဲ့ အပေါ်ဘက်မှာတော့ နွားလှည်းသံ တညံညံနဲ့ လှည်းပေါ် မှာတော့ စည်ပိုင်းကြီးကို အလယ်ကနေ ၆ လက်မစတုရန်း အကျယ်ရှိတဲ့ အပေါက်ကနေ ရေတွေ တစ်ပုံးစီ ဖြည့်နေကြပါတယ်။

ကျမကတော့ ကျမအစ်မရဲ့ကျောင်းဆရာမအဖြစ် တာဝန်ကျရာ ကရင်န်ီပြည်နယ်  အလယ်ပိုင်းရှိ ဌာနေတိုင်းရင်းသား လူမျိုးစုတွေရဲ့ ရွာကို အလည်လာတဲ့ ဧည့်သည်မို့ ရေမကူးရဲလို့ ကမ်းစပ်နားမှာပဲ ရေချိုးခဲ့ရတယ်။ ရေကမ်းပါးတလျှောက် ကျေးရွာရှု့ခင်းတွေ၊ သဲသောင် ပြင်တွေ  ကောက်ပဲသီးနှံစပါးပင်တွေလည်း ဖြိုးဖြိုးထောင်ထောင်နဲ့မို့။ ထိုမြင်ကွင်းလေးတွေက ကျမမျက်စိထဲက မပျောက်နိုင်လောက် အောင် ဖမ်းစားထားပါတယ်။

အဲဒီသဘာဝအလှတွေကို အနီရောင် ရိုးရာဝတ်စုံတွေ၊ တိုင်းရင်းသားရိုးရာ ခေါင်းစည်းအဆင်တန်ဆာတွေ ၀တ်စားဆင်ရင်ထားကြတဲ့ ဒေသခံမျိုးနွယ်စုတွေရဲ့ အသွင်သဏ္ဍာန်လေးတွေနဲ့ ရောစပ်လိုက်မယ်ဆိုရင် မပြောပြတတ်လောက်အောင် သာယာလှပနေပါတယ်။

ရိုးရာဘာသာစကား၊ ဌာနေတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖြတ်သန်းစီးဆင်းရာ ဒေသလည်း ဆိုနိုင်ပါတယ်။ အိမ်ခြေ ၉၅၊ လူဦးရေ စုစုပေါင်း ၃၀၀ ရှိတဲ့ အဲဒီရွာက ဒေသခံ တလိုင်လာဆာနဲ့ ခင်မင်ရင်းနှီးသိကျွမ်းဝင်ခဲ့ရလို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ကျမဟာ ကရင်နီလူမျိုးနွယ်စု ဖြစ်ပေမယ့်လည်း ဘေးနားက ပြောနေတဲ့ ဘာသာစကားကို ဘယ်လူမျိုးနွယ်စုလဲ ဆိုတာ ခန့်မှန်းလို့ မတတ်အောင် ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသမှာ ရှိနေကြတဲ့ လူမျိုးတွေဟာ နေရာအနှံ့မှာ မတွေ့နိုင်ပဲ မြန်မာပြည် တစ်ပြည်လုံးမှာ လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်သာ ကျန်တော့တဲ့ ယင်းတလဲလူမျိုးတွေ ဖြစ်လို့ပါပဲ။ ယင်းတလဲလူမျိုးစုများဟာ လူနည်းစုသာ ကျန်ပါတော့တယ်။

“ကျမတို့ မျိုးနွယ်စုကို မသိတဲ့သူက များပါတယ်” လို့ တလိုင်လာဆာက ပြောပါတယ်။

လူမျိုးနွယ်စုတစ်စု ဖြစ်လာရင်တော့ ရိုးရာစာပေယဉ်ကျေးမှုဆိုတာ ရှိကြစမြဲပါ။ လူမျိုးစု အဓွန့်ရှည် တည်တံ့ခိုင်မြဲဖို့ဆိုတာ စာပေရှိဖို့ လိုအပ်ပါတယ်။ ယင်းတလဲလူမျိုးစုဟာ ကရင်နီမျိုးနွယ်စု ဖြစ်ပေမယ့်လည်း ဘာသာစကား ကွဲပြားခြားနားပြီး စာပေဗျည်းအက္ခရာ ရေးသားထားခြင်း မရှိသေးပါ။

တလိုင်လာဆာက “စာပေဆိုတာ မရှိသေးပါဘူး။ ကျမတို့ တကယ်လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ရိုးရာဓလေ့ထုံတမ်းစဉ်လာ၊ ယဉ်ကျေးမှုတွေနဲ့ ရိုးရာအသိပညာတွေ၊ ရိုးရာဆေးပညာတွေ တကယ့် အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ ယင်းတလဲတို့မှာ ရှိကြပါတယ်။

ခေလတ်ကြီးက တိုးတက်လာတာနဲ့အမျှ တခြားသော ယဉ်ကျေးမူကို လိုက်ပြီး ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာက ကောင်းတဲ့ လက္ခဏာ လက်ခံသင့်မခံသင့် တဖက်က ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဒီဘက်မှာလည်း ကိုယ့်ရဲ့ ယဉ်ကျေးမှု စာပေကို အမှီလိုက်နိုင်အောင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေ၊ ဗဟုသုတတွေ၊ အသိပညာတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ တလိုင်လာဆာက ပြောပါတယ်။

သူက “လူငယ်တွေကလည်း ခံယူမူ နည်းလာလို့ ထုံးတမ်းစဉ်လာစောင့်ရှောက်ဖို့ နေနေသာ မိမိဝမ်းရေးကိုပဲ ဖူလုံအောင် ဦးစားပေး နေရတယ်”  လို့ ပြောပါတယ်။

လူနည်းစု ဌာနေတိုင်းရင်းသားတွေ လူမျိုးတစ်မျိုးရဲ့ လုပ်ငန်းစဉ်တွေ ပျောက်သွားမယ်ဆိုရင် အဲဒီလူမျိုးက ပျောက်သွားဖို့ ပိုပြီး လွယ်ကူ စေပါတယ်။

အခုခေတ် ယင်းတလဲလူငယ်တွေရဲ့ မှတ်ပုံတင်တွေမှာလည်း အမှတ်မထင် ကယားလူမျိုးဟု ရေးသားထားတာကို တွေ့နေရခြင်းဟာလည်း မိမိလူမျိုးတွေကို  ထိန်းသိမ်းစောင့်ရှောက်မြင့်တင်ပေးဖို့ မေ့လျော့နေခြင်းပဲ ဖြစ်ပါတယ်။ မှတ်ပုံတင် ပြုလုပ်ပေးတဲ့ ၀န်ထမ်းတွေကလည်း ကယားလူမျိုတွေဟု လွယ်လွယ်နဲ့ ဖြည့်ပေးလိုက်ခြင်းဟာလည်း ယင်းတလဲလူမျိုးတွေ ရှေ့ဆက် အနာဂတ်ဟာ တဖြည်းဖြည်း တိမ်ကော ပပျောက်စေတဲ့ နည်းတစ်နည်းပဲလို့ ဆိုရတော့မှာပါ။

“ကျမဆွေမျိုးတွေတောင်မှ ယင်းတလဲလူမျိုးလို့ မထည့်ကြတာ အများကြီးပဲ” လို့ တလိုင်လာဆာက ပြောပါတယ်။

ပြောင်းရွေ့နေထိုင်မှုတွေ ပြုလုပ်ခဲ့ရတဲ့အခါ မိမိလူမျိုးတွေနဲ့ တစိတ်တ၀မ်းတည်း စုစည်းနေထိုင်ခြင်း မရသော အခါမျိုးမှာ လူမျိုးစုတွေ ပိုပြီး ပပျောက်သွားဖို့ လွယ်ပါတယ်လို့ သဘာဝပတ်ဝင်းကျင်ဆိုင်ရာ လေ့လာသူတွေက ဆိုပါတယ်။

ယင်းတလဲတွေရဲ့ လူမျိုးစုတွေ ပျောက်သွားနိုင်တဲ့ အခြားအကြောင်းအရင်းတခုကတော့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်တွေ ထပ်မံထုတ် လုပ်ဖို့ ရေကာတာတွေ ထပ်မံတည်ဆောက်ခြင်းပဲ ဖြစ်တယ်လို့ ယင်းတလဲတွေရဲ့ အကြောင်းသုတေတနပြုလုပ်နေတဲ့ ကရင်နီ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့ (ကေဒီအာဂျီ)က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရေကာတာတွေ ထပ်မံပြီး တည်ဆောက်ဖြစ်မယ်ဆိုရင် ကရင်နီပြည်နယ် အလယ်ပိုင်း အပါအ၀င် မြစ်လက်တက် အနီးတွင် နေထိုင်တဲ့ ရွာပေါင်း ၂၈ ရွာဟာ ရေအောက်မှာ လုံးဝနှစ်မြုပ်သွားမယ်လို့ ကရင်နီစိမ်းလမ်းစိုပြေရေး အဖွဲ့အစည်း (Karenni Ever Green) တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးရွှေမျိုးသန့်က ပြောပါတယ်။

ရေအောက်ရောက်သွားတဲ့ ထဲမှာ ယင်းတလဲမျိုးနွယ်စုဟာ တနွယ်လုံး ပျောက်ကွယ်သွားနိုင်တယ်လို့ ကေဒီအာဂျီရဲ့ သုသေတနပြုစု ထားချက်များက ထောက်ပြထားပါတယ်။

လျှပ်စစ်ဓတ်အားဆိုတာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူနေမှုဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အသက်မွေးဝမ်း ကျောင်း ဖြစ်သော စက်မှုဆိုင်ရာ လုပ်ငန်းများနဲ့ စီးပွားရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ရန် ယုံကြည်မှု ပြည်ဝတဲ့ စွမ်းအားတွေ ထောက်ပံပေးပါတယ်။

ရေကာတာ တည်ဆောက်ခြင်းဟာလည်း အကုန်အကျ သက်သာသော ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ပြီး လျှပ်စစ်မီး ပိုမိုဖူလုံမှု ရလာမယ်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှာ ဖြစ်တယ်လို့ ကရင်နီဒေသခံအချို့က မျော်လင့်နေကြပါတယ်။

“လျှပ်စစ်မီးနဲ့ပဲ ခေတ်ကို လိုက်ပြီး အလုပ်လုပ်နေတာပါ” လို့ ကရင်နီပြည်နယ် ဖရူဆိုမြို့မှာ နေထိုင်သော ဒေသခံတစ်ဦးက ထောက်ပြ ပြောဆိုပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့နယ်မှာ ၀ဲကြီးရေကာတာ တည်ဆောက်ဖို့ ထိုင်းနိုင်ငံလျှပ်စစ်စွမ်းအင်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း (EGAT)  MDX ကုမ္ပဏီအုပ်စုနဲ့ မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေပါတယ်။

မြန်မာပြည်မှာ ရေကာတာတွေ ဆောက်လုပ်နိုင်ဖို့အတွက် (EGAT)နဲ့ မြန်မာစစ်အစိုးရတို့ ၂၀၀၉ ခုနှစ် ဧပြီလထဲမှာ နှစ်ဘက်သဘောတူ ညီမှု စာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ် ထုပ်လွင့်နေတဲ့ ထိုင်းနေးရှင်းသတင်းစာက ၂၀၀၇ ခုနှစ် မတ်လ ၂၁ ရက်မှာ အစီရင်ခံတင်ပြထားပါတယ်။

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အားလုံးအတွက် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို သယ်ဆောင်နိုင်ဖို့အတွက် ဖြစ်တယ်” လို့  ထိုင်းနိုင်ငံမှာ အကြီးဆုံး လျှပ်စစ်စွမ်းအား ထုတ်နိုင်တဲ့ (EGAT) ကုမ္မဏီမှ ဥက္ကဌ (MR. Pornchai Rujiprapa )ရဲ့ ပြောကြားချက်ကို ၂၀၀၇ ခုနှစ် (EGAT) နှစ်စဉ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရေကာတာတွေ ထပ်မံတည်ဆောက်ခြင်းဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံနှင့်အတူ လျပ်စစ်စွမ်းအားနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာ ဆောင်နိုင်ပေမဲ့ ရေကာတာတည်ဆောက်ခြင်းဖြင့် ယင်းတလဲလို လူမျိုးစုငယ်တွေ ပပျောက် သွားစေမယ့် ဖြစ်ရပ်ကို အလေးအနက် ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။

တလိုင်လာဆာက “တစ်ကွဲတစ်ပြားဆီတော့ သွားမနေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုသာ ကျန်တော့တဲ့ ကျမတို့ လူမျိုး ပျောက်သွားမှာစိုးလို့ပါ” လို့ ပြောပါတယ်။

ရေကာတာတွေ တည်ဆောက်နိုင်ဖို့ နှစ်နိုင်ငံသဘောတူချက်တွေနှင့် ပတ်သက်ပြီး ကေဒီအာဂျီမှ ကြီးကြပ်ရေးမှူး ထက်ဦးဒူက “ဒေသခံရွာသူရွာသားတွေနဲ့ ဆွေးနွေးအသိပေးကာ အများအတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးကို တွက်ချက်ပြီး အလိုအလျှောက် တာဝန်ယူနိုင်မဲ့ အစိုးရ ဖြစ်ရမယ်” လို့ ပြောပါတယ်။

ကျမဟာ ယင်းတလဲသူ တလိုင်လာဆာနဲ့ ခင်မင်ရင်းနီးသိကျွမ်းတလောက် လူဦးရေအနည်းစုသာ ရှိတဲ့ သူမရဲ့ မျိုးနွယ်စုလေး တခြား မျိုးနွယ်စုကြီးတွေရဲ့ ကြားမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေကြရလဲ ဆိုတဲ့ အခြေအနေတွေနဲ့ လာမယ့် အနာဂါတ်မှာ သူတို့ မျိုးနွယ်စုလေး ပျောက်ကွယ်သွားရတော့မယ့် အနေအထားတွေ ရှိနေတယ် ဆိုတဲ့ ကိစ္စတွေကို နားလည်သိကျွမ်းမှု မရှိပေမယ့် ကျမ ရောက်ခဲ့တဲ့ ကရင်နီအလယ်ပိုင်းက ယင်းတလဲ ဌာနေလေးရဲ့ အလှနဲ့ ယင်းတလဲ မျိုးနွယ်စုလေးတွေကိုတော့ အရှိကို အရှိအတိုင်း သဘ၀ကျကျ ထာဝစဉ် ရှင်သန်နေစေချင်တာကတော့ အမှန်ပါပဲ…။