ထိုဘိန်းခင်းများမှ အခွန် ရနေသော အဖွဲ့များမှာ မြန်မာစစ်အစိုးရတပ် အပါအ၀င် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ)တို့က ရရှိနေကြသည်ဟု အပစ်ရပ် အဖွဲ့ဝင် အရာရှိဟောင်း တဦးက ပြောသည်။
အခွန်တော်များ ရရှိသည့်အတွက် ဘိန်းစိုက်ပျိုးမှုများ ယနေ့တိုင် မပပျောက်ဘဲ ရှိနေပြီး တစုံတရာ တားဆီးမှုမျိုး မရှိကြောင်း ကလလတမှ အဖွဲ့ဝင် အရာရှိဟောင်း တဦးက ထုတ်ဖေါ်ပြောကြားသည်။
၎င်းက “ဘိန်းစိုက်တဲ့ သူတွေဆီက ရတဲ့ အခွန်ငွေတွေက အာဏာပိုင်တွေအတွက် သွားရည်ကျစရာ ဖြစ်နေလို့လေ။ တနှစ်တနှစ် ရတဲ့ ဘိန်းစိုက်သူတို့ရဲ့ လဒ်ထိုးထားတာတွေက အာဏာပိုင်တွေ အိပ်ကပ်ကို ဖောင်းကားစေတယ်လေ။ ဒါကြောင့် အဲဒီ အာဏာပိုင်တွေက ပါးစပ်ကို စူပါဂလူးနဲ့ ကပ်ထားသလို ပိတ်နေပြီး မျက်လုံးက ဘာမှ မမြင်ရသလို နေတာပေါ့” ဟု ပြောသည်။ ယခင်နှစ်များတွင် ဘိန်းစိုက်ပျိုးသူထံမှ ငွေသိန်း ဆယ်နှင့်ချီ အာဏာပိုင်ထံ အခွန်ပေးဆောင်ရသော်လည်း ယခုနှစ်တွင် ငွေ ငါးသောင်း ပေးပါက ဘိန်းစိုက်ပျိုးခွင့် ရှိသည်ဟု ဆိုသည်။ “အရင်နှစ်က တဧက တနှစ်အတွက် အခွန် ကျပ် ၁၀၀၀၀ သောင်း ကျတယ်။ ဒါမဲ့ တဖွဲ့တည်းကို ပေးရတာ မဟုတ်ပဲ ၂ ဖွဲ့လား ၃ ဖွဲ့လား ပေးရတယ်”ဟု ကရင်နီပြည် ဒီးမော့ဆိုမှ ဒေသခံ တဦးက ပြောပြပါသည်။ ဘိန်းစိုက်ပျိုးမှု ရပ်တန့်မှု မရှိခြင်းသည် ဒေသတွင်းတွင် စားဝတ်နေရေးနှင့် ကြီးမားသည့် ကုန်ဈေးနှုန်းများနှင့်လည်း ရင်ဆိုင်နေကြရသည့်အပြင် အပစ်ရပ်နှင့် အာဏာပိုင်များ၏ အခွန်ကောက်ယူခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဘိန်းစိုက်ပျိုးနေသည့် ဒေသအများစုမှာ လွိုင်ကော်၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာ အုပ်စုများ ဖြစ်ကြပြီး ဘိန်းစိုက် အများဆုံးမှာ ရှမ်းကယားနယ်စပ် ဖြစ်သည့် ကျေးကတော့၊ ဆီးဘူး၊ ခွီးတလုတ်၊ လကျီနွဲ့၊ ပီကင်း၊ လအိလတိန်နှင့် ကရင်နီပြည်တွင်း ဒေါရောက်ခူတခွင်နှင့် ပန်ပက်နောက်ဖက်ခြမ်းတခွင်၊ စသည့် ကရင်နီနယ်စပ် တလျှောက်တို့ ဖြစ်သည်။ ဒေသခံအာဏာပိုင်များနှင့် ကပ်၍ လာဒ်ထိုးနေသူ ဒေသခံအချို့တို့မှာ သာမာန်သူများထက် ကြီးပွားချမ်းသာနေကြကြောင်း ကရင်နီပြည်တွင်းအရေး အမြဲတမ်း လေ့လာစောင့်ကြည့်သူတဦးက ပြောသည်။ ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု အခွန်လျှော့ချပြီး ကောက်ယူခြင်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆွယ်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ “ရွေးကောက်ပွဲ နီးကပ်နေတဲ့ ကာလအခိုက်အတန့်မှာတော့ နေရာရမှာက အရေးကြီးနေတယ်လေ။ အဲဒီအတွက် အဲဒါကလဲ စည်းရုံးရေး နည်းပေါင်းစုံတွေထဲက တနည်းကို သုံးတာဘဲ ဖြစ်တာပါ” ဟု ၄င်းက ပြောပါသည်။



