ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းပြီး ကရင်နီပြည် ကိုယ်စားပြု လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှု မပြုလုပ်ရန်နှင့် ပါတီအား ရုပ်သိမ်းရန် ယခုသြဂုတ်လ ၂၂ရက်နေ့မှ စပြီး ထိထိရောက် ခြိမ်းခြောက်နောက်ယှက်လာပါသည်။
NUDP ပါတီဥက္ကဌနှင့်အတူ မိသားစုတို့မှ ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် သစ်ခွဲစက်နှင့် ကျောက်ခွဲစက်ရုံ လုပ်ငန်းများကို ဆက်မလုပ်ရန် ပိတ်ပင်လိုက်သည်။ ထိုလုပ်ရပ်သည် ကြံဖွံ့ အနေဖြင့် ၎င်းတို့၏ ကျောထောက်နောက်ခံ စစ်အစိုးရကို အားကိုးပြီး အာဏာအလွဲသုံးစား ပြုလုပ်ခြင်းဖြင့် အနိုင်ကျင့်နေသည်မှာ သိသာထင်ရှားလှပေသည်။
ကြံ့ဖွံ့ပါတီမှ ပြည်နယ် အဆင့်ရှိပြီး အရေးပါသည့် ခေါင်းဆောင်များ ကိုင်တိုင်က NUDP ပါတီခေါင်းဆောင်များကို ပါတီ မထူတောင်ရန် ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့ NUDP ပါတီ မထူထောင်ခင်ကတည်းက အတန်တန် ဖိအားပေးခဲ့တာပါ။
တနိုင်ငံလုံး၏လူဦးရေ သန်းပေါင်း ၆၀ ထဲမှ ၄၀ ရာနှုန်းကို အဖွဲ့ဝင်အဖြစ် ပိုင်ဆိုင်ထားသည့် ကြံ့ဖွံ့ပါတီသည် စစ်တပ်အစိုးရလက်ထက်တလျှောက် အဖွဲ့အား လူထုထောက်ခံမှုများ ရလာရန် နိုင်ငံတော် ဘဏ္ဍာငွေများကို အသုံးချပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘန်းပြကာ ပြည်သူလူထုများအကြား အမျိုးမျိုး လုပ်ဆောင်စည်းရုံးလျက်ရှိသည်။
ပါတီ၏ မူဝါဒများနှင့် စည်းရုံးလှုပ်ဆော်မှုများကို ပြည်သူကြား ပြန့်နှံ့စေရေးအတွက် နိုင်ငံတော်ပိုင် စာနယ်ဇင်းများနှင့် ရုပ်မြင်သံကြားတွင်လည်း စစ်တပ်အစိုးရမှ တစိုက်မတ်မတ် လုပ်ဆောင်ပေးလျက်ရှိသည်။
ငွေရေးကြေးရေးနှင့်အတူ စစ်အစိုးမှ ကိုယ်တိုင်ပါဝင်လျက်ရှိသည့် ပါတီတခု အနေဖြင့် မနေ့တနေ့ကမှ ပေါ်ပေါက်လာသည့် ပါတီငယ်နှင့် ပါတီသစ်များကို အာဏာအလွဲသုံးစားပြုပြီး အနိုင်ကျင့် ဖိနှိပ်ရန် မသင့်ပေ။
လာမည့်၂၀၁၀ ရွေးကောက်ပွဲ၏ ရလဒ်မှာ မည်သည့်မည်ပုံ ထွက်လာမည်ကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေး လေ့လာစောင့်ကြည်သူတို့အပြင် အောက်ခြေပြည်သူလူထုတို့ကပါ သိရှိပြီးသား ဖြစ်သည်။
စစ်အစိုးရမှ စိတ်ကြိုက်ရေးဆွဲအတည်ပြုထားခဲ့သည့် ၂၀၀၈ ခု အခြေခံဥပဒေတွင် လွတ်တော် ၂၅ ရာနှုန်းကို နေရာကို စစ်တပ်အား အလိုအလျောက် ပေးထားပြီး အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်လိုပါက လွှတ်တော် ၇၅ ရာနှုန်း အတည်ပြုမှသာလျင် ပြင်ဆင်ခွင့် ရှိကြောင်းကိုလည်း အတိအလင်း ရေးဆွဲပြဌာန်းထားသည်။
ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမည်ဟု သတ်မှတ်ထားသည်။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ရက်သတ္တပတ် မတိုင်ခင်မှာ ရွေးကောက်ပွဲရက်ကို ရွေးချယ်သတ်မှတ်လိုက်သည်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လာမည့် ရွေးကောက်ပွဲမှာ ပါဝင်မှု အခွင့်အလမ်းများ မရှိရန် အစီအစဉ်တကျ ဖန်တီးထားခြင်းပင် ဖြစ်သည်။
အတိုက်အခံ နိုင်ငံရေး အင်အားစုများကိုလည်း ဖယ်ရှားနိုင်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ မြန်မာ အာနာဂတ်နိုင်ငံရေးတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများ မရှိစေရန် ရွေးကောက်ပွဲ ဥပဒေထဲတွင်လည်း ပြဌာန်းထားသည်။
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၄၇ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည်။ စစ်အစိုးရလမ်းပြမြေပုံအရ ၂၀၀၈ ခု ခြေခံဥပဒေနှင့် ရွေးကောက်ပွဲသည် လွတ်လတ်ပြီး တရားမျှတမှု မရှိသည်ကို ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ပါတီများ အနေဖြင့် အစကတည်းက သိပြီးသား ဖြစ်ကြသည်။
သို့သော်လည်း ပြည်တွင်းမှ တိုင်းရင်းသား ဒေသခံပြည်သူလူထုတို့ အနေဖြင့် ရွေးစရာလမ်း မရှိသည်နှင့်အတူ စစ်တပ်မှ ဖွဲ့စည်းကြိုးကိုင်ထားသော ပါတီအား မဲထည့်ပေးမည့်အစား မိမိဌာနေဒေသကို ကိုယ်စားပြုပေးသည့် ပါတီများကို မဲထည့်ပေးနိုင်သည့် အခွင့်အလမ်းများ ရှိခဲ့လျင် ပို၍ သက်သာမည် ဆိုသည့် မျော်လင့်ချက်များ ရှိနေသေးသည့်အတွက် ပါတီသစ်၊ ပါတီငယ်များ ပေါ်ပေါက်လာရခြင်းလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် စစ်တပ်မှ ကြိုးကိုင်ထားသည့် ကြံဖွံ့ပါတီ အနေဖြင့် NUDP လို ပါတီသစ်၊ ပါတီငယ်တို့ကို ပါတီထူထောင်ခြင်းမှ ရုတ်သိမ်းရန်နှင့် ရွေးကောက်ပွဲ မ၀င်နိုင်ရန် အာဏာအလွဲသုံးစားပြုပြီး ခြိမ်းခြောက်နေမှုတို့ကို ဆက်လက်မပြုလုပ်သင့်ပါကြောင်း ကန္တာရ၀တီတိုင်း(မ်) သတင်းစာမှ ရှုမြင်သုံးသပ်သည်။



