ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရတို့နှင့် အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီး နောက် နှစ်ဦးနှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ကြသည်။ ကရင်နီတော်လှန်ရေး လက်နက်ကိုင် တပ်မတော်တို့၏ မိသားစုဝင်များ တောတွင်း၌ တနေရာပြီး တနေရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။
ထိုအချိန်ကာလ၌ စစ်တပ်၏ တိုက်ခိုက်မှု ဒါဏ်ကို အခံရဆုံး သူတို့မှာ ကရင်နီလက်နက်ကိုင် အဖွဲ့တို့အား ထောက်ခံမှု ပေးသော ပြည်သူများဟု ဆိုရပေမည်။ ဥပမာ-ရွာသူကြီး၊ အတွင်းရေးမှူးနှင့် ရပ်ရွာလူငယ်ခေါင်းဆောင်တို့ကို သူပုန်ထောက်ခံသူဟု စွပ်စွဲ၍ အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်သည်။ ကရင်နီလက်နက်ကိုင် မိသားစုဝင်များနှင့် ရွှေမျိုးတော်စပ်သူများကိုပါ စစ်တပ်က လိုက်လံချေမုန်းခဲ့သည်။
၁၉၉၅ ခုနှစ် ကေအဲန်ပီပီမှ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးနောက် ကေအဲန်ပီပီမှ ခွဲထွက်ထားသော ကရင်နီလူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအဲန်ဒီပီ) ခေါ် (နဂါး)၊ ကရင်နီသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို)နှင့် ကေအဲန်ပီပီ ခေါ်(ဟိုယာ) အဖွဲ့တို့မှ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ရယူကြသည်။
ထိုအပစ်ရပ်အဖွဲ့များ စစ်အစိုးရတပ်တို့နှင့် အပေးအယူ တည့်လာသည်နှင့် မတရား ဖမ်းဆီးသတ်ဖြတ်မှုများ လျော့ချလာမည်လောဟု ပြည်သူများအကြား မေးခွန်းထုတ်လာခဲ့ကြသည်။
အပစ်ခတ်ရပ်စဲရေး ခေတ်ကာလာ၌ စစ်တပ်မှ ကရင်နီပြည်သူများအား ကိုယ်ထိလက်ရောက် ညင်းဆဲသတ်ဖြတ်မှု လျော့ချလာသည်ကို တွေ့ရှိရသလောက် တဖက်မှာလည်း အပစ်ရပ်အဖွဲ့၏ လက်ချက်ကြောင့် မတရား သတ်ဖြတ်ခံရမှုများ ဆက်လက်ရှိလာခဲ့သည်။
ထိုအခြေအနေကို “ကရင်နီ အချင်းချင်း သတ်ဖြတ်မှု” ဟု ကရင်နီလူမှုအသိုင်းအ၀ိုင်းက သတ်မှတ်လာခဲ့ကြသည်။ အဓိပ္ပါယ်မှာ အပစ်ရပ် ကရင်နီအဖွဲ့တို့သည် ကရင်နီတော်လှန်ရေး ထောက်ခံသူတို့အား စစ်အစိုးရတပ်များမှ ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်သကဲ့သို့ ကျူးလွန်ကြသည်။
မိမိနှင့် နီးစပ်သည့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုသာ အကာအကွယ် ပေးကြပြီး ဆွေမျိုးမတော်စပ်သော ပြည်သူတို့ကို “သူပုန်ဆက်သွယ်မှုနှင့် သူပုန်ထောက်ခံမှု” တို့ကို အကြောင်းပြပြီး ဖမ်းဆီးညှင်းဆဲသတ်ဖြတ်ကြသည်။ ထိုလုပ်ရပ်ကို မခံနိုင်ကြသော သူတို့မှာ မိမိမြတ်နိုးရာ ဌာနေများမှ မခွဲမခွာချင်ဘဲ တိမ်းရှောင်ကြရသည်။
ညှင်းဆဲခံကြရသည့် သူများအတွက် လုံခြုံစိတ်ချရသည်ဟု မျောင်လင့်ရသည့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာ ကြသည်။ အပစ်ရပ် အဖွဲ့တို့သည်လည်း ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လည်သည်နှင့်အမျှ အစိုးရထံ လက်နက်များ အပ်နှံလာကြရပြီး အဖွဲ့ထဲ အင်အားအများဆုံးဟု ယူဆရသည့် ကလလတ အဖွဲ့မှာ နယ်ခြားစောင့်တပ် အသွင်သို့ ကူးပြောင်းသွားပြီးနောက် အဖွဲ့ဝင် အချို့မှာ ကရင်နီတော်လှန်ရေးထဲသို့ ထွက်ပြေးသူများ ရှိသကဲ့သို့ နယ်စပ်ဒုက္ခသည်စခန်းများထဲသို့ ထွက်ပြေးခိုလုံနေသူများလည်း ရှိလာခဲ့သည်။
ထွက်ပြေးလာသူတို့ထဲမှ အပစ်မဲ့ ပြည်သူများအား ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ထားသူအချို့တို့ ပါဝင်ကြသည်။ ထိုသူတို့၏ လက်သည် သွေးစွန်းထားသောလက်များ ဖြစ်သည်ကို သတ်ဖြတ်ခြင်းကို ကိုယ်တိုင်ခံစားကြုံတွေ့ရသူများသာ သိရှိကြသည်။
ကိုယ့်အဖေအား ရက်ရက်စက်စက် သတ်ဖြတ်သွားသူကို မည်သည့် ဥပဒေများဖြင့် အပစ်ပေးအရေးယူမှု မရှိဘဲ လွတ်လွတ်လတ်လတ် နေထိုင်ခွင့် ရနေသည့်အပေါ် ခံပြင်းသူများက တအံ့သသြ မျက်နှာချင်းဆိုင် ကြည့်နေကြရသည့် အခြေအနေများ ရှိနေသည်။ မိမိချစ်မြတ်နိုးသူ တို့ကို အကြောင်းမဲ့ သတ်ဖြတ်ထားသည့်အတွက် ထိုပစ်မှုကို ကျူးလွန်သူတို့ အနေဖြင့် မျှတသည့် ဥပဒေဖြင့် တရားစီရင်ခြင်း ခံရမှသာလျက် ခံရသူတို့အတွက်လည်း တရားမျှမှု ရှိမှာ ဖြစ်သည်။
ကရင်နီအပစ်ရပ် အဖွဲ့များနှင့် ကရင်နီတော်လှန်ရေး အင်အားစုအကြား နိုင်ငံရေး ခံယူချက်များ ကွဲပြားခြားနားသည့်အပေါ် အခြေခံပြီး အပြန်အလှန် တုန့်ပြန်သတ်ဖြတ်ခဲ့ကြသည့် ကိစ္စပေါ် လှည့်စားချေပြီး တုံ့ပြန်နေခြင်းတို့သည် မပြီးဆုံးနိုင်တော့သည့် သံသယာ ဖြစ်နေမှာ ဖြစ်သည့်အတွက် ဖြစ်ပျက်ခဲ့သမျှကို သင်ပုန်းချေသည့် စနစ်ဖြင့် ပြေလည်ကြရန် ကန္တာရ၀တီတိုင်း(မ်) သတင်းစာက အစဉ်တစိုက် မီးမောင်းထိုးပြခဲ့သည်။
သင်ပုန်းချေရန် အစဉ်တစိုက် အားပေးနေရသည့် ရည်ရွက်ချက်မှာ ရှေ့အာဏာဂါတ်မှာ အပစ်မဲ့ ပြည်သူများ သေကျေမှု လျော့နည်းလာစေ ရေးနှင့် ကရင်နီအမျိုးသား အချင်းချင်း တဖန် ပြန်လှည်စည်းလုံးညီညွတ်ရေး ဖြစ်သည်။
ပြစ်မှုကျူးလွန်သူတို့အတွက်က ဘယ်နေရာ ဘယ်ဒေသရောက်ရောက်၊ အချိန်ဘယ်လောက်ဘဲကြာကြာ၊ အဓိက ကိုယ့်ဘက်က သက်သေအထောက်အထား အပြည့်အစုံတို့ဖြင့် စုဆောင်းပြုစုထားလျင် မျှတသည့် တရားစီရင်ချက်အောက်မှာ ပစ်ဒါဏ်ချမှတ်ခြင်းကို ခံရမည် ဖြစ်သည်။



