Home အင်တာဗျူး ခေတ်ရေစီးကြောင်းနှင့်အညီ နိုင်ငံရေးလောကမှာ လူငယ်များ နေရာပေး၊ အခွင့်အရေးများ ပေးသည်ဟု ၁၁ ကြိမ်မြောက် ကေအဲန်ပီပီ၏ ပါတီကွန်ဂရက်အပြီး ပါတီဥက္ကဌ ခူထဲဘူးဖဲပြော။
ခေတ်ရေစီးကြောင်းနှင့်အညီ နိုင်ငံရေးလောကမှာ လူငယ်များ နေရာပေး၊ အခွင့်အရေးများ ပေးသည်ဟု ၁၁ ကြိမ်မြောက် ကေအဲန်ပီပီ၏ ပါတီကွန်ဂရက်အပြီး ပါတီဥက္ကဌ ခူထဲဘူးဖဲပြော။

ကေအဲန်ပီပီ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၏ ပါတီ ကွန်ဂရက်ကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၄ အထိ ထိုင်-မြန်မာ နယ်စပ်တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု ၁၁ ကြိမ်မြောက် ပါတီကွန်ဂရက်သည် ပါတီဥက္ကဌအဖြစ် ခူထဲဘူးဖဲက ပြန်လည် အရွေးခံရပြီး ဒု - ဥက္ကဌကိုတော့ စောယိုရှိယာက ရွေးချယ်တင်မြောက်ခံရပါသည်။ ကေအဲန်ပီပီ၏ နိုင်ငံရေးသည် ခေတ်ပညာတတ် လူငယ်များနှင့် လက်ရှိ ခေါင်းဆောင် အထက်အအောက် လက်တွဲနိုင်ရန်အတွက် နိုင်ငံရေး ရေစီးကြောင်းနှင့်အညီ လူငယ်အမျိုးသမီးများ ပါဝင်နိုင်ရေးကို နေရာပေး၊ ဦးစားပေးထားသည်ဟု သိရပါသည်။ 

မေး ။ (၁၁) ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကွန်ဂရက် ကျင်းပပြီးသွားပြီဆိုတော့ ခေါင်းဆောင်လည်း အပြောင်းအလဲ ရှိလာတာ တွေ့ရပါတယ်။ ကေအဲန်ပီပီက အရင်က ထက်ပိုပြီး အားကောင်းလာမယ်လို့ ပြောလို့ရမလား။

ဖြေ ။ ပြောမယ်ဆိုရင်တော့ ဒီ (၁၁) ကြိမ်မြောက် ကွန်ဂရက် ပြီးတာကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ဒီကွန်ဂရက်ကနေပြီးတော့ လူငယ်တွေက များများစားစား မပါလာဘူး။ လက်ရှိတွေပဲ ခပ်များများ ပါလာတယ်။ ဒါပေမယ့် ပညာတတ် လူငယ်တွေ တချို့တော့ ပါလာတယ်လေ။ အဲတော့ ဒီကွန်ဂရက်ပြီးတဲ့ အချိန်မှာ နောက်ဆက်လုပ်ရမယ့် အလုပ်ကတော့ ပိုမိုပြီးတော့ အောင်မြင်မယ်လို့တော့ ယူဆရပါတယ်။

မေး ။ ဘယ်လို လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်သွားမလဲ။

ဖြေ ။ အလုပ်ပိုင်းကတော့ အုပ်ချုပ်ရေးပိုင်းတို့ စစ်ရေးပိုင်းတို့ ပိုမိုကောင်းမွန်ပြီး မြင့်တက်လာမယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ အခု ပါဝင်လာတဲ့ ခေတ်ပညာတတ် လူငယ်တချို့နဲ့ ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်တွေ လုပ်ငန်းပိုင်းမှာ အဆက်အစပ်ရှိရှိနဲ့ ပူပေါင်းနိုင်ကြမယ်လို့ ထင်ပါသလား။

ဖြေ ။ ပူပေါင်းနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ အခု ဒီလူငယ်တွေကြားမှာ တချို့က နိုင်ငံရေးမှာ အတွေ့အကြုံ ရှိတယ်၊ နောက်တချို့က အတွေ့အကြုံ မရှိဘူး။ ဒါပေမယ့်လည်း အခုက လူကြီးတွေ ရှိသေးတော့ သူတို့ကို တဖြည်းဖြည်း လက်တွဲခေါ်ပြီးတော့မှ အရည်အချင်း မြင့်တင် ပေးနိုင်မယ်လို့လည်း ယူဆတာဘဲ။

မေး ။ ပြည်တွင်းစစ်ကြောင့် ပြည်တွင်းပြည်ပမှာ ဒုက္ခရောက်နေကြတဲ့ ကရင်နီပြည် လူထုအတွက် အပြောင်းအလဲ တခုခု ဖြစ်ရန် ကေအဲန်ပီပီအနေနဲု့ လုပ်ဆောင်ဖို့ အစီစဉ်ရှိလား။

ဖြေ ။ ဒုက္ခရောက်တဲ့ လူတွေအတွက်ကတော့ အစီအစဉ် အမြဲတမ်း လုပ်ပေးပါတယ်။ ဒါပေမယ့် ဒီ နအဖကနေပြီးတော့ ဒီအစီအစဉ်ကို သူလည်း အမြဲတမ်း ဖျက်တာပါပဲ။ ဥပမာ ပြောရမယ်ဆိုရင် ဒီပြည်တွင်းမှာ ရေကန်တို့ နောက်ပြီးတော့ ကျောင်းတို့ ဘာတို့ စဆောက်ပေးတာဘဲ။ တနည်းတလမ်းအားဖြင့် ဒီလိုပံ့ပိုးပေးပါတယ်။ ဒါပေမယ့် နအဖ စစ်တပ်ဖက်က လိုက်လံ စစ်ဆေးပြီးတော့ သူတို့ ပြန်ဖျက်တာဘဲ။

မေး ။ ပြီးခဲ့တဲ့ (၁၁) ကြိမ်မြောက် ကေအဲန်ပီပီ ကွန်ဂရက် ရွေးကောက်ပွဲမှာ ဘာအပြောင်းအလဲတွေရှိလဲ။ ပြောပြပေးပါလား။

ဖြေ ။ ရွေးကောက်ပွဲ အပြောင်းအလဲတော့ သိပ်မရှိပါဘူး။ ဘာဖြစ်လဲဆိုတော့ ဒီလူဟောင်းတွေကဘဲ ခပ်များများ ပြန်ပါလာဘဲလေ။ ပြောင်းလဲတာကတော့ ဒီအရံဗဟို (၁၅) ယောက်ကိုဘဲ ထပ်မံရွေးပြီးတော့ လူငယ်တွေကို မြှင့်တင်ပေးဖို့ဆိုပြီးတော့ အဲဒီ အရံဗဟို (၁၅) ယောက်ထဲ ပါလာတာတော့ ရှိပါတယ်။

မေး ။ နောက်ပြီး အထူးသဖြင့် ပညာတတ်လူငယ်တွေ အမျိုးသမီတွေ နိုင်ငံရေး အလုပ်ထဲမှာ ပါဝင်လာဖို့ အခွင့်အရေး ပေးထားတယ်လို့လည်း သိရတယ်။ ဘာကြောင့်လဲ ထပ်ပြီး ရှင်းပြပေးလို့ ရမှာလား။

ဖြေ ။ အမှန်ကတော့ အခွင့်အရေး ပေးထားပါတယ်။ ဒါပေမယ့် အခုလူတွေဟာ တတိယနိုင်ငံ သွားချင်တော့ သိပ်ပြီးတော့ ၀င်ရွေးချင်တဲ့ စိတ်ကတော့ မရှိဘူးလေ။

မေး ။ တတိယနိုင်ငံကို မသွားချင်ကြတဲ့ ဒုက္ခသည်တွေအတွက်ကော ကေအဲန်ပီပီအနေနှင့် ဘာအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ ရှိလဲ။

ဖြေ ။ တတိယနိုင်ငံ မသွားချင်တဲ့ ဒုက္ခသည်အတွက်ကိုတော့ ပညာရေး ကဏ္ဍတို့ ကျန်းမာရေး ကဏ္ဍတို့ ပိုမိုပြီးတော့ ကောင်းအောင် ဆိုပြီးတော့မှ အစီအစဉ်တော့ စီစဉ်ပေးတာပါဘဲ။

မေး ။ ပြန်လှည်အခြေချ နေထိုင်ရေး အစီအစဉ်များ ဆွေးနွေးတိုင်ပင်မှုတွေ ရှိရင် ရှင်းပြပေးပါလား။

ဖြေ ။ အဲဒီ ပြန်လည်အခြေချ နိုင်ထိုင်းရေးဖို့ ဆိုတာက  အစဉ်သဖြင့် ကျနော်တို့က နအဖနဲ့ ဆွေးနွေးလာတာဘဲ။ ဒါပေမယ့် နအဖက ခွင့်မပြုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ အခုလည်း တွေ့ဆုံဆွေးနွေးရေး တံခါးကို အမြဲ ဖွင့်ထားတာပါဘဲ။

မေး ။ ပြန်လည်အခြေချ နေထိုင်ရေး အစီအစဉ်ကို ဘာကြောင့် စစ်အစိုးရက ခွင့်မပြုတာလဲ။

ဖြေ ။ ကျနော်တို့ လူကတော့ သူတို့နဲ့ သွားပြီး တွေ့ဆုံဆွေးနွေး လေ့ရှိတာဘဲ။ လွိုင်ကော်မှာတို့ ရန်ကုန်မှာတို့ တာချီလိတ်မှာတို့ ပြန်ဆွေးနွေးခဲ့ဖူးတယ်။ ဒါပေမယ့် ကျနော်တို့ ကရင်နီလူမျိုးတွေ ထုံစံအတိုင်း သွားနေတဲ့နေရာ၊ သွားချင်တဲ့ နေရာကိုတော့ သူတို့ မပေးဘူး။ ဒေါတမကြီးနေရာ တစ်ခုတည်းကိုပဲ သူတို့ပေးတော့။ ဒေါတမဂွင်မှာက ရေလည်း ရေမရှိတော့ ပြန်နေလို့လည်း မရဘူးလေ။

မေး ။ ဒါဆို ဘယ်နေရာ ဒေသတွေအထိ ပြန်လာနေထိုင်ဖို့ အခွင့်အရေးတွေပေးမှ ပြန်လည်အခြချမယ်လို့ ကေအဲန်ပီပီ အနေနဲ့ ဆွေးနွေးထားလဲ။

ဖြေ ။ ကျနော်တို့ ဆွေးနွေးထားတာ သေသေချာချာ ဆွေးနွေးထားတယ်။ နေရာ (၆) ခုကို တောင်းဆိုထားတယ်။ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကရင်နီပြည်သူလူထုတွေ အများကြီး ရှိတော့ သူတို့ ပြန်လာနေထိုင်သေးတဲ့ နေရာဒေသတွေ စစ်တပ်တွေ ရဲဘော်တွေ ပြန်လည်အခြစိုက်သေးတဲ့ နေရာတွေ ဆွေးနွေးပြောဆိုထားတယ်။ ဒါပေမယ့် နအဖက ပြောတာဘဲ သူတို့ လက်မခံဘူး။ ဒေါတမကြီးမှာပဲ ခင်ဗျားတို့ ပြန်နေရမယ် ပြောတော့။ ဒေါတမမှာက နေရာ ငယ်ငယ်လေးပဲ ရှိတယ်။ ပြောမယ်ဆိုရင် ဒုက္ခသည်က သောင်းကဏန်းနဲ့ ရှိနေတယ်။ အဲဒီမှာ ပြန်နေမယ်ဆိုရင် သူတို့ ဘယ်နေရာတွေမှာ နေထိုင်ကြမှာမလို့လဲ။ ဘာအစားအစာတွေ ရှာဖွေလုပ်ကိုင်စားသောက် ကြမှာလဲ။

မေး ။ နောက်ဆုံးတစ်ခု အနေနဲ့ ကေအဲန်ပီပီက မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေး ဖို့ရော ရှိသေးလား။

ဖြေ ။ အစီအစဉ်ကတော့ ရှိပါတယ်။ ဒါပေမယ့် နအဖက လက်မခံတော့ ဒို့ကတော့ ဘာတတ်နိုင်မှာလဲ။