Home အင်တာဗျူး အမေရိကန်နိုင်ငံသို့ ၃ နှစ်နီးပါး သွားရောက်အခြေချနေပြီဖြစ်တဲ့ ဒုက္ခသည် မိသားစုတစ်စုအကြောင်း
အမေရိကန်နိုင်ငံသို့ ၃ နှစ်နီးပါး သွားရောက်အခြေချနေပြီဖြစ်တဲ့ ဒုက္ခသည် မိသားစုတစ်စုအကြောင်း
ဆရာလူရယ် မိသားစုဟာ ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်မှာ ထွက်ပြေးရောက်ရှိလာတဲ့ ကရင်နီ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ပါတယ်။

မေး ။ ဆရာ လူရယ် ခင်ဗျား။ အခု အမေရိကန် နိုင်ငံမှာ သွားရောက်အခြေချနေထိုင်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ပြည်နယ်၊ ဘယ်မြို့မှာ နေထိုင်ပါသလဲ။

ဖြေ ။ ဟုတ်ကဲ့ ခင်ဗျား၊ အခု ကျနော်နဲ့ ကျနော့် မိသားစု အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်တာ ၂ နှစ်ကျော် ၃ နှစ် နီးပါးရှိပါပြီ။ တက်ကစက်စ် (Texas) ပြည်နယ်၊ အမာရီးလို (Amarillo) မြို့မှာ နေထိုင်ပါတယ်။

မေး ။ ဆရာလူရယ်တို့ မိသားစု နေထိုင်ခဲ့တဲ့ မြို့မှာ ရာသီဥတု အခြေအနေ ဘယ်လိုရှိလဲ။ အကြောင်းစုံ ရှင်းပြပေးပါလား။

ဖြေ ။ တက်ကစက်စ်ပြည်နယ်ကို လူအချို့က ပြောတယ်။ ပူပြင်းပြီး သဲကန္တာရ ပြည်နယ်လို့ ပြောကြပါတယ်။ တ၀က်တော့ မှန်တယ်လို့ ပြောရမှာပါ။ အောက်တိုဘာလက စပြီး ရာသီဥတု အေးတဲ့အတွက် အပင်တွေအားလုံး အရိုး၊ အကိုင်းတွေဘဲ ကျန်ခဲ့တယ်။ ရွက်တွေ ကြွေကုန်ပါတယ်။ ဇန်န၀ါရီလတော့ ပျမ်းမျှအားဖြင့် အအေးဆုံးလ ဖြစ်ပါတယ်။ အနောက်မြောက်အရပ်မှ တိုက်ခတ်လာတဲ့ လေအေးနဲ့အတူ နှင်း၊ နှင်းမုန်တိုင်း အသေးတဖွဲဖွဲ ကျတဲ့အထိ မျိုးရှိပါတယ်။ အေးတဲ့ အချိန်ဆိုရင် အပူချိန် စင်တီဂရိတ် အနုတ် (သုံည) အောက်ပိုင်းရောက်တဲ့အထိ ရှိဖူးပါတယ်။ ဒါပေမဲ့ အဲလိုမျိုးဖြစ်တာ လနဲ့ချီပြီး ကြာမြင့်တာ မရှိပါဘူး။ မတ်လကစပြီး ရာသီဥတု စတင်ပြန်နွေးလာပြီး သစ်ရွက်တွေ၊ မြက်ပင်တွေ စပြီးပြန်ပေါက်လာနေပါပြီ။ အဲဒီလို ပူနွေးတာ သြဂုတ်လ အထိပေါ့။ ဇွန်လိုင်လတော့ အပူဆုံးလ ဖြစ်ပြီး။ ၃၈၊ ၄၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိပါတယ်။ မိုးကတော့ အများအားဖြင့် ရွာလေ့မရှိပါဘူး။

မေး ။ အဲဒီမြို့မှာ မြန်မာပြည်က လာတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ များလား။ သို့မဟုတ်ရင် တခြားနိုင်ငံက ဒုက္ခသည်တွေလည်း ရှိလား။

ဖြေ ။ ဒီမြို့မှာဆိုရင် မြန်မာပြည်က လာတဲ့တိုင်းရင်းသား ဒုက္ခသည် ၇၀၀၊ ၈၀၀ လောက် ရှိပါတယ်။ တခြားက အာဖရိက၊ အီရတ်၊ အီရန် ကလာတဲ့ သူတွေလည်း ရှိပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အခြေချနေထိုင်ပြီဖြစ်တဲ့ လားအိုနဲ့ ဗီယက်နမ် လူမျိုးတွေလည်း အများကြီး ရှိပါတယ်။

မေး ။ အခု ဆရာတို့ မိသားစု ၂ နှစ် ကျော် ၃ နှစ် ရှိပြီဆိုတော့ အစိုးရ ထောက်ပံ့ပေးသေးလား။ အကယ်၍ မထောက်ပံ့တော့ဘူးဆိုရင် အခက်အခဲ မရှိဘူးလား။

ဖြေ ။ မထောက်ပံ့တော့ဘူး။ ကျနော့် အမျိုးသမီးကတော့ အမဲသား ထုတ်တဲ့ စက်ရုံတခုမှာ အချိန်ပြည့် အလုပ်လုပ်ပါတယ်။ အချိန်ပိုင်းလည်း ကျောင်းတက်တယ်။ ကျနော်လည်း အချိန်ပိုင်း ကျောင်းတက်ပြီး  မူလတန်း ကျောင်းတကျောင်းမှာ အင်္ဂလိပ်စာကို ဒုတိယ ဘာသာစကားအဖြစ် ( ESL) သင်ကြားရေးမှာ အကူအဖြစ် အချိန်ပိုင်း လုပ်နေပါတယ်။

မေး ။ ခင်ဗျားတို့ သား၊ သမီးနဲ့ ညီလေးတွေအကြောင်း ပြောပေးပါလား၊ ကျောင်းတက်နေကြပြီလား။ ဘယ်အဆင့်မှာလဲ။ အများတက်နေတဲ့ အလယ်တန်း၊ မူလတန်းတွေမှာ တခါတည်း သွားတက်လို့ရလား။

ဖြေ ။ ဟုတ်ကဲ့။ သူတို့ ကျောင်းတက်နေကြပါပြီ။ အတန်းကတော့ အသက်၊ ကျောင်းနေဖူးတဲ့ အတွေ့အကြုံအပေါ်မှာ မူတည်ပါတယ်။ အသက်ကြီးရင် အတန်းကြီး တက်ရမယ်။ ဒီက ကျောင်းက သုံးပိုင်း ပိုင်းထားပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ မူကြိုကနေ မူလတန်းက ၅ တန်း၊ အလယ်တန်းက ၆ တန်းကနေ ၈ တန်းအထိ၊ အထက်တန်းက ၉ တန်းကနေ ၁၂ တန်းအထိပေါ့၊ သမီးက ၆ နှစ် ပြည့်ပြီ ဖြစ်တဲ့အတွက် ပထမတန်း စတက်ရပါတယ်။ သားက ၄ နှစ် ကျော်ဆိုတော့ အစမူကြိုကနေ တက်ရပါတယ်။ ညီလေးကျတော့ ၁၅ နှစ်ရှိပြီ ဖြစ်တဲ့အတွက် ၉တန်း ပေးတက်ပါတယ်။ အသက်ကြီးပေမဲ့ အခြေခံ မကောင်းဘူး၊ မခိုင်ဘူးဆိုရင် သင်ရိုးညွန်းတန်းကို လိုက်မမှီဘူးဆိုရင် အင်္ဂလိပ်စာကို ဒုတိယ ဘာသာ စကားအဖြစ် သင်းကြားပေးတဲ့ အစီစဉ်တွေ ရှိပါတယ်။

မေး ။ အမေရိကန်က ဒုက္ခသည်တွေကို ထောက်ပံ့တဲ့နေရာမှာ လအနည်းငယ်ဘဲ ထောက်ပံ့တယ်ဆိုတာ ကြားတယ်။ ဟုတ်လား။ မထောက်ပံ့တော့ဘူးဆိုရင်ရော အသက်အရွယ်ကြီးတဲ့သူတွေအတွက် ဘယ်လိုနေထိုင်ကြမလဲ။ အိမ်ခ၊ မီးခ၊ ရေ စတာတွေရော ဈေးကြီးလား၊

ဖြေ ။ ဟုတ်ပါတယ်။ အနည်းဆုံး ၃ လ၊ အများဆုံး ၆ လ ထောက်ပံ့ပါတယ်။ ဒီအချိန် အတောအတွင်းမှာ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်အောင် လမ်းစရှာဖွေ ကူညီဆောင်ရွက်ပေးသူရှိပါတယ်။ အဓိက အလုပ်ရရှိရေးပေါ့။ အကယ်၍ အလုပ် အဆင်မပြေသေးဘူးဆိုရင် အစိုးရဆီက အကူအညီ လျှောက်လို့ ရပါတယ်။ အသက် ၆၅ နှစ် ကျော်ပြီဆိုရင် အလုပ်လုပ်ဖို့ မလိုတော့ဘဲ ပြည်နယ် အစိုးရရဲ့ ထောက်ပံ့မှုကို လျှောက်ထားနိုင်ပါတယ်။ လစဉ် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် အခမဲ့ ဆေးကုသခွင့်လည်း ပါပါတယ်။ အိမ်ငှားတာက အိမ်နဲ့ အခန်းတွဲ ကွာပါတယ်။ အိမ်တလုံးချင်းဆို ပိုဈေးကြီးတယ်။ အိမ်က မီ၊ ရေ ပေါင်းရင် တလကို ၇၀၀ ၊ ၈၀၀ အထိ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အိမ်ကအခန်းတွဲတော့ နည်းနည်း သက်သာတယ်ပေါ့။ အဲဒါကို တလ ၄၇၅ ပေးရတယ်။ ရေနဲ့ ဓါတ်ငွေ့က အခမဲ့ထားပေးတယ်။ မီးကတော့ တလကို ၅၀ ၊ ၆၀ ပေးရပါတယ်။

မေး ။ နောက် အစားအသောက်တွေ ဈေးကြီးလား။ ဆန်၊ ဆီ၊ အသားငါးတွေ ဘီယာ၊ အရက်တွေရော ဘယ်လိုရှိပါလဲ။

ဖြေ ။ အရက်၊ ဘီယာကတော့ သူ့အမျိုးအစားနဲ့ သူပေါ့နော်။ ဈေးကြီးတာ ရှိသလို၊ ဈေပေါတာလည်း ရှိပါတယ်။ ဆန်ဆိုရင်လည်း တအိတ် ၂ ပုံးလောက် ရှိတဲ့အိတ်ကို ၃၅ ဒေါ်လာ လောက်ပေးရတယ်။ ဆီကျတော့ တပုံးကို ၄၅ ဒေါ်လာလောက် ပေးရတယ်။ အသားကျတော့ တစ်ကီလိုကို ၇ ၊ ၈ ဒေါ်လာ ရှိတယ်။ ဒီမှာတော့ သူ့နေရာ၊ သူဒေသအလိုက် လုပ်အားခ အတိုင်းအတာနဲ့သူဆိုတော့ အစားအသောက်က ဈေးကြီးတယ်လို့ ပြောကြတာ မရှိပါဘူး။

မေး ။ နောက်တခုက အမေရိကန်နိုင်ငံက လေယာဉ်ခ ပြန်ပေးရမယ်ဆိုတာ ဟုတ်လား။ အချိန်ဘယ်လောက် သတ်မှတ်ထားပေးလဲ။

ဖြေ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းတော့ မဟုတ်ပါဘူး။ အလုပ်ရရှိပြီးတဲ့ အချိန်မှာ အကြွေးတောင်းတဲ့ ဖြတ်ပိုင်းလာပါတယ်။ တခါးထဲ အလုံးအရင်းတော့ မတောင်းပါဘူး။ အနည်းအကျဉ်းဘဲ ပြန်တောင်းတဲ့အတွက် ပြန်ဆချိန် ၂ နှစ်ကနေ ၃ နှစ် ၀န်းကျင်အထိ ရှိပါတယ်။ ချက်ချင်းမပေးနိုင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ လုံး ၀မပေးလို့တော့ မကောင်းဘူး။ ကိုယ်က အကြွေးမှတ်သားစရင်း ရှိသွားလိမ့်မယ်။ နောက်ဆိုရင် ကိုယ်က အကြွေးမှတ်သားမှာ ထိခိုက်နိုင်ပါတယ်။

မေး ။ အသက်ကြီး၊ လူကြီးတွေအတွက် အ ၃ လုံး အတတ်သင်ပညာ စနစ် ရှိလား။ နောက် အရွယ်ရောက် လူငယ်တွေအတွက် ပညာဆက်လက်သင်ချင်မယ်ဆိုရင် အခကြေးပေးစရာမလိုဘဲ ပညာသင်ခွင့် ရှိလား။

ဖြေ ။ ဒီမြို့မှာတော့ လူကြီးတွေအတွက် အ ၃ လုံး အတတ်သင် ပညာကို အခမဲ့ လုပ်ပေးတယ်။ ငွေပေးတာမျိုးတော့ မကြားရဘူး။ ရောက်လာစမှာတော့ အခြေခံ အင်္ဂလိပ်စာကို သင်ယူရမယ်ဆိုတာ ထောက်ပံ့ပေးတဲ့ သက်ဆိုင်ရာ ရုံးက လက်မှတ်ထိုးခိုင်းပါတယ်။ ကူညီထောက်ပံ့ပေးတဲ့ ကာလမှာ မသင်မနေရ ဆိုသလိုပေါ့။ အကယ်၍ မသင်ဘူးဆိုရင် ထောက်ပံ့တဲ့ စရိတ်ကို လျော့ချမယ်လို့ ပြောတာရှိပါတယ်။ ကျနော်တို့ မြို့မှာတော့ အသက် ၁၇ နှစ် အထက်ရှိပြီဆိုရင် အထက်တန်းကျောင်းက လက်မခံတော့ဘူး။ အပြင်ကျောင်းကို ရှာတက်ရပါတယ်။ အခြေခံ အင်္ဂလိပ်စာကိုဘဲ သင်ယူမယ်ဆိုရင် အခကြေးမပေးရပါဘူး။ နည်းနည်းပိုအဆင့်မြင့်ပြီး ကောလိပ်ဝင်နိုင်ဖို့အတွက် ပြင်ဆင်တဲ့ ဘာသာရပ်တွေအတွက်တော့ အခကြေးပေးရပါတယ်။ ဒါပေမဲ့ ကောလိပ်ဝင်နိုင်မယ်ဆိုရင် အစိုးရကို ပြန်ပေးစရာမလိုတော့တဲ့ ငွေကြေးမျိုး၊ ပညာရည်ချွန်ဆုမျိုး၊ လျှောက်နိုင်ပါတယ်။ ထောက်ပံ့ပေးမယ်ဆိုရင် ကောလိပ်ကို ထောက်ပံ့ငွေနဲ့ တက်လို့ရတာပေါ့။

မေး ။ အသက်အရွယ် ရောက်တာနဲ့ အသက် ၁၈ - ၂၆ နှစ်အထိဆိုရင် စစ်သားလုပ်ရမယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်နှစ် နှစ်နေမှ နိုင်ငံသား ဖြစ်ခွင့်ရှိသလဲ။ နိုင်ငံသားဖြစ်ဖို့အတွက် စံချိန်၊ စံနှုန်းတွေ သတ်မှတ်ထားတာ ရှိလဲ။

ဖြေ ။ ဒီအသက်အရွယ် ရှိတဲ့သူတွေတော့ စာရင်းကောက်ယူထားတာတော့ အမှန်ဘဲ။ ဒါပေမဲ့ စစ်သားမလုပ်မနေရ ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံကို အန္တာရာယ်ကနေ အရေးပေါ် ကာကွယ်ဖို့ လိုအပ်လာမယ်ဆိုရင် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဆိုတာမျိုးပါ။ နိုင်ငံသား ဖြစ်ဖို့အတွက် (Permanent Resident Card) ဆိုတဲ့ အမြဲနေထိုင်ခွင့် လက်မှတ် ရှိဖို့လိုအပ်ပါတယ်။ ဒီကဒ်ကိုရရှိပြီး တနှစ်နေထိုင်ပြီးမှ လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားကို ၅ နှစ် နေထိုင်လာပြီးမှ လျှောက်ထားနိုင်ပါတယ်။ နိုင်ငံသားအဖြစ် သွားရောက်ဖြေဆိုတဲ့အခါ အင်္ဂလိပ် အနည်းအကျဉ်းတတ်မြောက်ထားတာ အကောင်းဆုံးပါ။ ဘာဖြစ်လဲဆိုတော့ စာတွေ့၊ လူတွေ့ အမေးအဖြေကို အင်္ဂလိပ်လို ပြောမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။

မေး ။ ကရင်နီ လူမျိုးအချင်းချင်း သွားရောက်လည်ပတ်တာ အချိန်ရှိရဲ့လား။

ဖြေ ။ တမြို့တည်းသား နေထိုင်တယ်ဆိုရင် လည်ပတ်တာရှိပါတယ်။ အချိန်ကတော့ စနေ၊ တနင်္ဂနွေဆိုတော့ အချိန်ရှိအောင် လုပ်လို့ ရပါတယ်။

မေး ။ ကရင်နီပြည်နဲ့ ကရင်နီ လူမျိုး အပေါင်းအသင်းတွေနဲ့ ခွဲခွာရတာ ဘယ်လိုခံစားရပါသလဲ။ ဘာကို သတိရတမ်းတဆုံးလဲ။

ဖြေ ။ နေ့စဉ်နဲ့အမျှ ခံစားမိပါတယ်။ ဒုက္ခသည်တယောက် ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံပါ။ ဒုက္ခသည် စခန်းမှာ ပညာသင်ယူစဉ်၊ ဘော်ဒါဆောင်မှာ နေလာခဲ့တဲ့ အချိန်ကာလတွေ၊ ဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ မိမိတို့ ကရင်နီ နေ့ထူး၊ နေ့မြတ်ရက်တို့၊ ရိုးရာအစဉ်အလာ ကျင်းပတဲ့ အခါသာမယတွေကို အထူးဘဲ သတိရ တမ်းတမိပါတယ်။

မေး ။ နောက်ဆုံးအနေနဲ့ တတိယ နိုင်ငံကို ထွက်ခွါသွားရတော့မဲ့ ထိုင်းနယ်စပ်မှာ သောင်တင်နေသေးတဲ့ မိမိတို့ ကရင်နီ စစ်ပြေး ဒုက္ခတွေကို ဘာများအသိပေးချင်ပါသလဲ။

ဖြေ ။ ကျနော့်အနေနဲ့ကတော့ တို့တတွေဟာ ဘယ်နေရာမှာဘဲနေနေ ဘာတွေဘဲ လုပ်လုပ် အဆိုးနဲ့အကောင်းတွေကို ကြုံတွေ့ရမှာဘဲ။ အခက်အခဲတွေနဲ့တော့ ကြုံတွေ့ရမှာဘဲ။ ဒါပေမဲ့ ကြိုးစားသွားရမယ်လို့ ပြောချင်ပါတယ်။ ဒါနဲ့ ဒီက အသုံးအနှုန်းအများဆုံးထဲက လုံးဝ လွယ်ကူတဲ့ အသုံးအနှုန်းနှစ်လုံးကို ညီအစ်ကို မောင်နှမတို့ နှုတ်ကျိုးအောင် စတင်ပြောကျင့်ကြပါလို့ ပြောချင်ပါတယ်။ ဒါကတော့ Thank You ကျေးဇူးတင်ပါတယ်နဲ့ You are Welcome ကိစွမရှိပါဘူး ဆိုတာပါဘဲ။ သူများက ကိုယ့်ကို ကူညီရင် Thank you ပြောပေးရပါတယ်။ နောက်တခု သူများက Thank you ပြောလာရင်လည်း You are Welcome ပြန်ပြောပေးလေ့ရှိပါတယ်။