စနေ, ၁၃ ရက် ဖေဖော်ဝါရီ 2016
ကယား(ကရင်နီ)ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံအသီးသီးမှ ကိုယ်စလှယ်များက ဆန္ဒထုတ်ဖေါ်ပြောဆိုနိုင်ရေးအတွက် ဦးစွာ စုပေါင်းဆုတောင်းပွဲ ကျင်းပသွားမယ်လို့ ဖားဆောင်းမြို့မှ ဒေသခံ တဦးဖြစ်တဲ့ ဦးစိုင်းသန်းရွှေက ပြောပါတယ်။

"ဖားဆောင်းမြို့နယ် သံလွင်မြစ်ရိုးတလျှောက်မှာ အဓိက နေထိုင်စားသောက်တဲ့ တောသူ တောင်သားတွေကို ဒါပွင့်လင်းမြင်သာ မှုရှိအောင် ရေကာတာရဲ့ အကျိုးဆက်ကို ဒီရေကာတာ တည်ဆောက်ရေး အဖွဲ့ကနေပြီး ပြည်သူ့ ဆန္ဒကို တောင်းဆိုလာ တဲ့အခါကျလို့ရှိရင် အဖြစ်မှန်ကို ဖော်ထုတ်နိုင်အောင် လာမည့် မတ်လ ၁၄ ရက်နေ့ ကမ္ဘာ့ရေကာတာများ တားဆီးရေးနေ့မှာ ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်" လို့ ပြောပါတယ်။

ရေကာတာတည်ဆောက်မည့် အစီအစဉ်မှာ နိုင်ငံတော်အစိုးရကနေပြီး ပြည်သူကို ဦးစွာ ပွင့်လင်းမြင်သာမှု ရှိမရှိကို ပြည်သူတွေ ကနေပြီး ကြိုတင်လေ့လာသိရှိထားဖို့ အချင်းချင်း အချက်အလက်တွေကို မျှဝေတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဦးစိုင်းသန်းရွှေက " ဒီဆုတောင်းပွဲရဲ့ အကျိုးရလဒ်ကတော့ ပွင့်လင်းမြင်သာမှုအတွက် ဒီနိုင်ငံတော် စီမံကိန်းကြီးတွေကနေပြီးတော့ သူတို့တည်ထောင်မည့် လမ်းစဉ်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြမရှင်းပြဆိုတာ ပြည်သူတွေ ကြိုတင်ပြီးတော့ ဗဟုသုတပေး တာလည်းဖြစ်တယ်။ အသိပညာ မျှဝေပေးတာလည်းဖြစ်တယ်။ အမြင်ချင်း ဖလှည်တာလည်းဖြစ်တယ်" လို့ဆက်ပြောပါတယ်။  

၎င်းဆုတောင်းဝတ်ပြုပွဲကို ဘောလခဲခရိုင်၊ ဖါးဆောင်းမြို့နယ်၊ ဝမ်အောင်း ယင်းတလဲကျေးရွာ၊ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပြီး (Karenni's Lover Salween) ကရင်နီတို့ရဲ့ သံလွင်ချစ်သူ အဖွဲ့မှ ကြီးမှူးကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဖားဆောင်းမြို့နယ်အတွင်းက သံလွင်မြစ်ရိုးတလျှောက် နေထိုင်ကြတဲ့ ဒေသ ခံတွေက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။