စနေ, ၁၃ ရက် ဖေဖော်ဝါရီ 2016
ယခင်နှစ် မိုးနှောင်းကာလအတွင်းက စိုက်ထားခဲ့တဲ့ ကောက်ပဲသီးနှံခင်းတွေ တောင်ယာခင်းတွေက ယခုအချိန်မှာတော့ သီးနှံတွေအစား ဘိန်းစိုက်ခင်းက နေရာများစွာယူပြီး စိုက်ပျိုးနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

အဲဒါက ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက် ကရင်ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ပါတယ်။ တချိန်က  ကုလားပဲ၊ ပန်းနှမ်း၊ နေကြာနှင့် ပဲစိမ်းငုံတွေ စိုက်ပျိုးကြတဲ့ နေရာဖြစ်ပါတယ်။

အရင်နှစ်တွေတုန်းက ၎င်းဒေသတွေမှာ စိုက်ပျိုးတာ မတွေ့ရပေမယ့် ဒီနှစ်အတွင်း စားဝတ်နေရေး အခက်အခဲတွေကြောင့် စိုက်ပျိုးလာကြ တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“သူတို့ ပြောင်းဈေးမရှိတဲ့အတွက် သူတို့လုပ်တာ သူတို့ဝမ်းစာရေးအတွက် သုံးဖို့ငွေမရှိဘူးလေ ပြောင်းဈေး အခုက တပိဿာ နှစ်ရာ နှစ်ရာကျော်လောက်ဘဲ ရတယ်” လို့ ပြောပါတယ်။

အရင်က တောကြိုတောင်ကြား ဒေသတချို့ဘက်မှာသာ ဘိန်းတွေကို လျို့ဝှက် ခိုးစိုက်နေကြပေမယ့် ယခုမြင်တွေ့နေရတာတွေကတော့ လွယ်ပေါအုပ်စု၊ နန်းဟီးအုပ်စု၊ နောင်လှိုင်အုပ်စုနှင့် ကရင်ကျေးရွာအုပ်စုအတွင်းမှာပါ လယ်ယာမြေ ဧက မြောက်များစွာ ထင်ထင်ပေါ်ပေါ် စိုက်ပျိုးလာကြတာပါ။

ဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး မပြုလုပ်ရန် ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချူပ်ရေးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်စုမှူးတွေထံ ၂၀၁၁ ဒီဇင်ဘာလ ၅ ရက်နေ့ တုန်းက တခါ သတိပေးအကြောင်းကြားစာ ပေးပို့ထားသေးကြောင်း သိရပါတယ်။

ထိုသို့စိုက်ပျိုးးလာတဲ့ ဘိန်းခင်းတွေနဲ့ပတ်သက်ပြီး ဘိန်းစိုက်ပေးနေတဲ့ အလုပ်သမားတဦးက “သူတို့ ရမ်းရင်လည်း လာရမ်းမှာပေါ့၊ မရမ်းရင်တော့ ကျနော်တို့အတွက် သာတာပေါ့ စစ်သားနဲ့ ရဲတော့ သူတို့ မလုပ်ခိုင်းဘူး၊ ဒါပေမယ့် သူတို့ ခိုးလုပ်တယ်” လို့ ပြောပါတယ်။

ဘိန်းတွေကို ယခုလို ပေါ်ပေါ်လွင်လွင်နဲ့ များစွာ စိုက်ပျိုးလာကြတဲ့ အပေါ်မှာ ဘိန်းစိုက်တဲ့သူတွေကို တဧက အခွန် ၅ သောင်းကောက်ခံပြီး ကရင်ကျေးရွာ အုပ်စုအတွင်း ကတ္တရာလမ်း ဖောက်လုပ်မှာ ဖြစ်တယ်လို့ သတင်းများလည်း ထွက်နေပါတယ်။

သို့ပေမယ့် ကရင်ကျေးရွာအုပ်စု အတွင်းက ရွှေစမ်းကျေးရွာ သူကြီးဖြစ်တဲ့ ဦးပေသာက ၎င်းကျေးရွာရှိ အရှေ့ဘက်ကမ်းတလျှောက်တွင် ကြံ့ခိုင်ရေးမှ စီမံကိန်းအရ ၂၀၁၃ ခုနှစ်အတွင်း ကတ္တရာလမ်း ခင်းပေးဖို့ အစီအစဉ်ရှိထားပြီးဖြစ်ကြောင်းနှင့် ၎င်းအနေနှင့် ဘိန်းစိုက်ပျိုးခြင်းမပြုလုပ်ပါဟု ဆိုသည့် ဝန်ခံဂတိ လက်မှတ်ကို ရွှေစမ်းတရွာလုံးက ထိုးခဲ့ပြီးဖြစ်ကြောင်း ထို့အတွက် လမ်းကို တဧက အခွန်ကောက်ခံရရှိထားသည့်ငွေဖြင့် ဖောက်လုပ်မည်ဆိုပါက လက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒေသခံတချို့ ပြောပြချက်အရ ဘိန်းတွေကို ၂၀၁၇၊ ၂၀၁၉ ခုနှစ်အထိ လုပ်ခွင့်ပေးမယ်လို့ ကောလဟာလ သတင်းတွေ ထွက်နေပြီး သီးခြားအတည်ပြုချက်ယူဖို့ မေးမြန်းခဲ့ရာ မည်သူတဦးယောက်မျှ မဖြေဆိုရဲဘဲ ဖြစ်နေကြပါတယ်။

မြန်မာ တနိုင်ငံလုံး အတိုင်းတာအရ ဘိန်းထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ဟာ ဖယ်ခုံမြို့နယ် ဖြစ်တယ်လို့လည်း သိရပါတယ်။