Home အယ်ဒီတာ့အာဘော် စောင့်ကြည့်ရအုံးမည့် သက်ကြီးနှင့်သက်ငယ် ခေါင်းဆောင်များအကြား
စောင့်ကြည့်ရအုံးမည့် သက်ကြီးနှင့်သက်ငယ် ခေါင်းဆောင်များအကြား

၂ဝဝ၉ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကေအဲန်ပီပီ၏ (၁၁)ကြိမ်မြောက် ပါတီကွန်ကရက်ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

 

ယခု ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် ကေအဲန်ပီပီ၏ ပါတီကွန်ကရက်အစည်းအဝေးသို့ ပါတီဝင် စုစုပေါင်း (၃ဝဝ)ကျော် တက်ရောက် ခဲ့ကြသည်။ အခက်အခဲအမျိုးမျိုးကြောင့် ပြည်တွင်း၊ ပြည်ပမှ မတက်ရောက်လာနိုင်ကြသည့် ပါတီဝင် အချို့လည်း ရှိသည်။ ပါတီကွန်က ရက်တွင် လာမည့်လေးနှစ်တာသက်တမ်း ခေါင်းဆောင်မှုပိုင်းနေရာများအတွက် လူသစ်များ ရွေးချယ်ခဲ့ကြသည်။ တနည်းအားဖြင့် မပြီး ဆုံးနိုင်သေးသည့် တော်လှန်ရေးတာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြခြင်းပင် ဖြစ်သည်။

 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ တော်လှန်ရေးကာလတလျှောက်တွင် ကျရာတာဝန်ကို ထမ်းဆောင်လာခဲ့ကြသော အမျိုးသား ခေါင်းဆောင်ကြီးများ၏ လုပ်ဆောင်ချက်များကို ကန္တာရဝတီတိုင်းမ်မှ အမှန်တကယ်ပင် အသိအမှတ်ပြု လေးစား ဂုဏ်ယူပါသည်။ ၄င်းတို့၏ တတ်စွမ်းသမျှ၊ အင်အားမမျှဘဲ ရန်သူ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ခုခံတွန်းလှန်တိုက်ပွဲဝင်လာသည်မှာ ၁၉၄၈ ခုနှစ်မှစပြီး ယနေ့အထိပင် ဖြစ်သည်။ ဤကြိုးပမ်းမှုကို ကရင်နီအမျိုးသားတိုင်း သိရှိခဲ့ပြီးလည်း ဖြစ်သည်။

 

ဤရွေးကောက်ပွဲသည် ပညာတတ်လူငယ်များနှင့် အမျိုးသမီးထုများကို နိုင်ငံရေးအခန်းကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်ရန်၊ တနည်းတ ဖုံပြောင်းလဲရန်၊ လက်ရှိခေါင်းဆောင်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်  စသည်တို့အတွက် ရည်ရွယ်ပြီး လူငယ်များကို ပထမဦးစွာ လက်တွဲသွားသည်ဟု သိရပါသည်။

 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ (၁၁)ကြိမ်မြောက် ကွန်ကရက်ဟာ ပြီးခဲ့တဲ့ကွန်ကရက်တွေနဲ့ မတူပါဘူး။ လူငယ်ပါတီဝင်တွေ အတွက် လမ်းဖွင့်ထားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ကရက်မှာ လူငယ်ပါတီဝင် ခပ်များများကို ဖိတ်ကြားတက်ရောက်စေ တာရယ်၊ ပါဝင်ဆွေးနွေးခွင့်ပေးထားတာရယ်၊ ပါတီအရံဗဟိုကော်မီတီဝင်တွေ ရွေးချယ်တင်မြောက်ရာမှာ အခွင့်အရေးပေးထားတာ ရယ်တို့ကို ကြည့်မယ်ဆိုရင် သိရှိနိုင်ပါတယ်ဟု တက်ရောက်သည့် ပါတီဝင်လူငယ်တယောက်က ပြောသည်။

 

ဆက်လက်ပြီး သူက အမှန်က ပြီးခဲ့တဲ့ (၁ဝ)ကြိမ်မြောက် ပါတီကွန်ကရက်တုန်းကသာ လမ်းဖွင့်ပေးခဲ့မယ်ဆိုပါရင် လူငယ် ပါတီဝင်တွေ တော်တော်များများ ပါလာခဲ့ကြမှာပါဘဲ။ အဲဒီ (၁ဝ)ကြိမ်မြောက် ကွန်ကရက်တုန်းက ပါတီအရံဗဟိုကော်မီတီဝင် တွေ ရွေးချယ်တင်    မြောက်ရာမှာ လိုအပ်တဲ့ အရည်အချင်းတွေကို အသက်အားဖြင့် (၃ဝ) နှစ်ပြည့်ပြီးသူ၊ ပါတီဝင် အနည်းဆုံး (၈)နှစ်ရှိသူတွေကို သတ် မှတ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ လူငယ်ပါတီဝင်တွေက တစ်နှစ်၊ နှစ်နှစ် သက်တမ်းတွေနဲ့ ကပ်ပြီး ကျကျန်ခဲ့ကြပါတယ်။ ဒီ (၁၁)ကြိမ် မြောက် ပါတီကွန်ကရက်မှာကျတော့ ပါတီအရံဗဟိုကော်မီတီဝင်တွေ ရွေးချယ်တင်မြောက်ရာမှာ လိုအပ်တဲ့ အရည်အချင်းတွေကို အသက်အားဖြင့် (၃ဝ) နှစ်ပြည့်ပြီးသူ၊ ပါတီဝင် အနည်းဆုံး (၅)နှစ်လို့ ပါတီဝင်သက်တမ်းကို အများကြီး လျော့ချသတ်မှတ်လိုက်ပါတယ်။ ဘာဖြစ်လို့ ပါတီဝင်သက်တမ်းကို အများကြီးလျော့ချ သတ်မှတ်ထားတယ်လို့ ပြောရသလဲဆိုရင် ဒီကွန်ကရက်မှာ ဝင်ရောက်ရွေးချယ် နိုင်တဲ့ သက်တမ်းပြည့်တဲ့ ပါတီဝင်တွေ ရာနဲ့ချီပြီး ရှိနေလို့ပါဘဲ ဟု ၄င်း၏အမြင်ကို ပြောဆိုသွားသည်။

 

သို့သော်လည်း လူငယ်ပါတီဝင်များသည် နိုင်ငံရပ်ခြားသို့ ထွက်ခွာရန် တာစူနေကြမှု၊ ထွက်ခွာသွားကြမှုတို့ကြောင့် လက်ရှိကွန်ကရက် တွင် မျှော်လင့်ထားသလောက် လူငယ်ခေါင်းဆောင်များ ပါမလာသေးပေ။ ထို့အပြင် လူငယ်ပါတီဝင်များ ကွန်ကရက်တွင် ဆွေးနွေး တင်ပြသည့်အခါ အတွေ့အကြုံအားဖြင့်သော်လည်းကောင်း၊ တင်ပြဆွေးနွေးမှုအားဖြင့် သော်လည်းကောင်း အားနည်းနေသေးသည်ကို တွေ့ရသည်။ ထို့သို့ကြည့်ခြင်းအားဖြင့် ပြီးခဲ့သည့် အချိန်ကာလများ၌ လူငယ်များကို လက်တွဲခေါ်ဆောင်၊ လေ့ကျင့်ပျိုးထောင်ပေး ထား မှုများ အားနည်းနေသည်ဟု သုံးသပ်မိပါသည်။

အမှန်အားဖြင့် ပါတီရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် လူငယ်များကို အထက်ပိုင်းခေါင်းဆောင်မှုနေရာ၌ လက်ဆင့်ကမ်း တာဝန် ပေးရန် သို့မဟုတ် အဆင်သင့်ဖြစ်စေရန်အတွက် အလယ်အလတ်ခေါင်းဆောင်မှုနေရာများ၌ အခွင့်အရေး အလျင်ပေးထားရန်နှင့် လက် တွဲခေါ်ဆောင် လေ့ကျင့်ပျိုးထောင်ပေးသွားရန် လိုအပ်ပါသည်။  

ထိုသို့ အထက်ပိုင်းခေါင်းဆောင်မှုနေရာများတွင် လက်တွေ့လက်တွဲလုပ်ဆောင်သွားကြမည့် ပါတီခေါင်းဆောင်ကြီးများနှင့် ပါတီခေါင်း ဆောင်ငယ်(လူငယ်)များအကြား ဖြစ်လာနိုင်သည့် အခက်အခဲများနှင့်ပတ်သက်ပြီး ပါတီဝင် လူငယ်တယောက်မှ ဒီကရင်နီအမျိုး သားတိုးတက်ရေးပါတီရဲ့ (၁၁)ကြိမ်မြောက် ကွန်ကရက်က ရွေးချယ်တင်မြောက်ထားတဲ့ ပါတီအရံဗဟိုကော်မီတီဝင်တွေထဲမှာ လူငယ် တွေ ပါလာပါတယ်။ လက်တွေ့ လူငယ်နဲ့လူကြီး လက်တွဲလုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေ ဖြစ်နိုင်တယ်၊ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြင်ချင်းက မတူနိုင်ပါဘူး။ ဒါက အဓိက ကျတဲ့ အချက်ပါဘဲ။ အဲဒီအပေါ်မှာ အပြန်အလှန် နားလည်ပေးကြဖို့ လိုပါမယ်။ အပြန်အလှန် ပြောပြကြရမယ်၊ ချပြကြရမယ်၊ ထောက်ပြကြရမယ်။ ဒါမှ တူညီတဲ့ အမြင်ကို ရရှိကြမှာပါ။ ဒီပလိုမေစီ ဆိုတဲ့ လူအများနဲ့ ပြေပြစ်အောင် ဆက်ဆံတတ်ဖို့နဲ့ ပြောင်းသာပြင်သာရှိဖို့ လိုပါမယ်။ ဒါတွေ ရှိကြမယ်ဆိုရင်တော့ ဖြစ်ရှိလာမဲ့ အခက်အခဲ တွေကို ကျော်လွားနိုင်ကြမှာပါ။ နောက်ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေကနေတဆင့် ထိထိရောက် ရောက် လက်တွေ့အကောင်အထည် ဖော်ဆောင်သွားကြမယ်ဆိုရင်လဲ ယုံကြည်မှုတွေကို ပိုပြီးတည်ဆောက်လာနိုင်ကြမှာ ဖြစ်ပါတယ် ဟု ပြောဆိုသွားပါသည်။

 

သည့်အပြင် လူငယ်အမျိုးသမီးတဦး၏ အမြင်သည်လည်း အခု ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ရှိပါတယ်။ အခု တာဝန် ပြန်တက်ယူမယ့် သူတွေက ခေါင်းဆောင်အဟောင်းတွေ ရှိတယ်၊ အသစ်တက်လာတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျမ ထင် တယ်လေ။ ဒီ ၂ဝ၁ဝ မတိုင်ခင် အချိန်ကာလအကြားမှာ အများကြီး ကြီးစားလုပ်ဆောင်သွားရမှာပေါ့၊ အဓိက က ပြည်သူလူထုအတွက် လုပ်ပေးနိုင်ဖို့ ပြောချင်ပါတယ်၊ အများက တင်မြောက်ထားတဲ့ခေါင်းဆောင်ကို ယုံကြည်ပါတယ် ဟု ပြောသွားခဲ့ပါသည်။

 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ခေါင်းဆောင်မှု အပြောင်းအလဲနှင့် မူပေါ်လစီအချို့ ပြောင်းလဲလာသည့်အပေါ်တွင် မည်မျှအထိ စွမ်းဆောင်နိုင်မည်။ မည်မျှအထိ မျှော်လင့်နိုင်မည် ဆိုသည်နှင့်ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှူး ၁ ခူဦးရယ်မှအားလုံးကတော့ ကျနော်တို့ လုပ်ဖို့ကိုင်ဖို့တော့ မျှော်လင့်ထားတာကြီးပဲပေါ့နော်၊ ဒါပေမယ့် လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာ ကျနော်တို့က ကြိုပြီးတော့ ဘယ်လိုလုပ် ပြောလို့ရမလဲ။ ကျနော်တို့က အတူတကွ စည်းစည်းလုံးလုံး လုပ်ဖို့က အဓိက ရည်မှန်းထားတာဟု ပြောသည်။

 

ယခု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ (၁၁)ကြိမ်မြောက်ကွန်ကရက်မှ ရွေးချယ်တင်မြောက်ခံထားရသည့် ခေါင်းဆောင်ဟောင်း များနှင့် ခေါင်းဆောင်သစ်များအကြား လက်တွဲလုပ်ဆောင်နိုင်ရေး၏ အဓိက လိုအပ်ချက်သည် ပူးပေါင်းဆောင်ရွက်မှု၊ ဖေးမကူညီမှု၊ ပွင့်လင်းရိုးသားမှု၊ စေတနာ အပြည့်အဝထားမှုတို့ ဖြစ်ပြီး ၄င်းအချက်တို့ ရှိနိုင်ကြမှသာ လူငယ်နှင့်လူကြီး လက်တွဲသွားနိုင်မည်ဖြစ်သည်။

 

ထိုသို့မဟုတ်ပါက လူငယ်များသည် အမျိုးသားရေးအတွက် တထောင့်တနေရာမှ ပါဝင်ထမ်းဆောင်လိုပါသော်ငြားလည်း ခေါင်း ဆောင်များ မညီညွတ်ကြခြင်း၊ လက်တွဲလုပ်ဆောင်မှု မရှိနိုင်ကြခြင်း တို့ရှိနေခဲ့ပါက နိုင်ငံရေးကြိုးဝိုင်းထဲသို့ ဝင်ရောက်သူ နည်းပါး သွားမည် ဖြစ်သည်။ ယခုခေတ်ပညာတတ်လူငယ်များသည် မိသားစုအရေးနှင့် အဆင့်မြင့်ပညာရေးအရေးကို အကြောင်းပြုပြီး ကိုယ်လွတ်ရုန်း နည်းလမ်းရှာကြံကြ၍ အဖွဲ့အစည်းများနှင့် ကင်းရှင်းအောင် နေထိုင်ရန် စိတ်ကူးရှိကြမည် ဖြစ်သည်။ အထူးသဖြင့် နယ်စပ် စစ်ပြေးဒုက္ခသည်ရှိ လူငယ်များသည် တတိယနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ရေး အစီအစဉ်ကြောင့် နိုင်ငံရေးဖက်တွင် ပါဝင်လာသူ နည်းပါးခဲ့ရပါသည်။

 

သို့သော်လည်း ယခု ကေအဲန်ပီပီ၏ (၁၁)ကြိမ်မြောက် ပါတီကွန်ကရက်မှ ရွေးချယ်တင်မြောက်၍ နိုင်ငံရေးလောကထဲသို့ ဝင်ရောက် လာကြသည့် ပါတီဝင်လူငယ်များနှင့် ခေါင်းဆောင်ကြီးများအကြား လက်တွေ့ အမှန်တကယ် လက်တွဲနိုင်မှု ရှိ မရှိကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ အပြောနှင့်အလုပ် မည်မျှအထိ ပူးပေါင်းဆောင်ရွက်နိုင်ကြမည် ဆိုသည်ကိုလည်း မေးစရာ၊ တွေးစရာပင်။

 

ကေအဲန်ပီပီ၏ မူပေါ်လစီဖြစ်သည့် ဝေဖန်ရေး (၃)ရပ်မှာ မိမိကိုယ်ကို ဝေဖန်ရေး၊ သူတပါး အပြုသဘော ဝေဖန်ရေးကို လက်ခံရေး၊ သူ တပါး အပြုသဘော ဝေဖန်ရေးကို လက်ခံကျင့်သုံးရေး စသည်များ ဖြစ်သည်။ လက်တွေ့ ကျင့်သုံးရန် ခက်ယဉ်းလှသည်ဟု သုံး သပ် မိပါသည်။

 

အဘယ်ကြောင့်ဆိုသော် လူငယ်များသည် ခေတ်အမြင်၊ ခေတ်အရေးကို တပြေးညီတည်း ဖြစ်ချင်သည့် ဆန္ဒ ရှိကြသည်။ ခေါင်းဆောင် ကြီးများကို ခေတ်နောက်ပြန်ဆွဲလိုသည်ဟု မဆိုလိုပေ။ ရှေးထုံးလည်း မပယ်သင့်၊ ဈေးသုံးလည်း မကြွယ်သင့် ဆိုသည့် ဗမာစကားပုံ အတိုင်း ပညာတတ်လူငယ်များ လက်ခံကျင့်သုံးသွားရမည် ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ရှေ့မှီ နောက်မီ ခေါင်းဆောင်ကြီးများနှင့် ခေတ်ပညာတတ် လူငယ်များအကြား အတူတကွလက်တွဲသွားကြမည့် နိုင်ငံရေးခရီးတခုကို ကရင်နီပြည်သူပြည်သားများနှင့်အတူ စောင့်ကြည့်ရအုံးမည်သာဖြစ်ကြောင်း တင်ပြရင်း .....။။။။