|
ထိုင်းနိုင်ငံထဲသို့လှေစီး၍ ခိုးဝင်ရောက်လာကြသည့် ဒုက္ခသည် ရိုဟင်ဂျာများအား ထိုင်းနိုင်ငံမှ ပင်လယ်တွင်းသို့ ပြန်လည် မျောချခဲ့သည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း ရိုဟင်ဂျာ၏ သတင်းကို ကမ္ဘာ့အနှံ့ နိုင်ငံတကာ သတင်းမီဒီယာ ကြီးများ၏ သတင်းစာမျက်နှာပေါ်တွင် အလေးပေး ရေးသားဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ယခုထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းတွင် အာဆီယံ (အရှေ့တောင် အာရှနိုင်ငံများအသင်း)၏ ထိပ်သီး ဆွေးနွေးပွဲ၌ နှစ်နိုင်ငံချင်း ဆွေးနွေးပွဲများ၊ ကြားဖြတ်ဆွေးနွေးပွဲများကို ဆွေးနွေးကြမည်ဟု အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝန် (Surin Pitsuwan ) ကပြောသည်။ အာဆီယံ အသင်းသည် ဒုက္ခသည် ရိုဟင်ဂျာများ၏အရေးကို ရှေ့တန်းတင် ဆောင်ရွက်ပေးမည် ဖြစ်ပါသော်လည်း ရိုဟင်ဂျာများသည် ဘင်္ဂါလီလူမျိုးများဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းမှ ငြင်းဆိုခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ် ပရိုယာ ( Kasit Promya) က ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် သတင်းထောက်များကို ပြောကြားသွားသည်။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်မငြိမ်သက်မှု၊ စစ်အစိုးရ၏ နှိပ်စက်မှု စသည့်ဒဏ်များကို မခံရပ်နိုင်၍ ထိုင်းနယ်စပ်သို့ တနေ့ပြီးတနေ့ ထွက်ပြေးရောက်ရှိလာကြသော စစ်ပြေးဒုက္ခသည်များနှင့် နှစ်ပေါင်း ၂၀ ကျော်သောင်တင်နေခဲ့ကြသော မြန်မာတိုင်းရင်းသား ဒုက္ခသည်များတို့၏ အရေးတို့သည် ထည့်သွင်းဆွေးနွေးဖို့ရန် အချိန်တန်နေပေပြီ။ ထိုင်းနယ်စပ်တွင် တိုင်းရင်းသားဒုက္ခသည် စခန်း ၉ ခုရှိပြီး လူဦးရေအားဖြင့် (၁၁၆ ၆၃၅)ခန့် ရှိသည့်အနက် ကရင်နှင့် ကရင်နီ တိုင်းရင်းသား ဒုက္ခသည်များသည် အများစုထဲတွင် ပါဝင်နေသည်။ ကရင်တိုင်းရင်းသား ဒုက္ခသည်များသည် ၆၁ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံးဖြစ်သည့် ကရင်နီတိုင်းရင်းသား ဒုက္ခသည်များသည် ၁၇ ရာခိုင်နှုန်း ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိသရွေ့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး မစွမ်းဆောင်နိုင်သေးသရွေ့ ထိုင်းနယ်စပ် ရောက် စစ်ပြေးတိုင်းရင်းသား ဒုက္ခသည်များ၏ အရေးသည်လည်း လွယ်လွယ်ကူကူနှင့် ဖြေရှင်း သွားနိုင်မည် မဟုတ်ပေ။ ထို့အပြင် ပြည်တွင်းတွင် အခြေမဲ့ပြောင်းရွေ့ပြေးလွှားပုန်းရှောင်နေကြသည့် ဒုက္ခသည်များ (အိုင်ဒီပီ)၏ အရေးသည်လည်း ချန်လှပ်ထား၍ မဖြစ်သေးပေ။ အဘယ်ကြောင့် ဆိုသော် မြန်မာစစ်အစိုးရတပ်မှ တိုင်းရင်းသားနယ်မြေ ဒေသများတွင် ဆက်လက်ပြီး စစ်ဆင်ရေးများ ထိုးနေဦးမည်ဆိုပါက တောထဲတွင် ထွက်ပြေးပုန်းရှောင်နေသော အိုင်ဒီပီ (အိုးအိမ်မဲ့ ရွာပုန်းရွာရှောင်) များတို့သည် နယ်စပ်ဒုက္ခသည်စခန်းများသို့ ထပ်မံရောက်ရှိလာကြဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ အိုင်ဒီပီ စုစုပေါင်း လူဦးရေ နှစ်သန်းခန့်ရှိသည်။ လွန်ခဲ့သည့် ၂၀၀၄-၀၅ ခုနှစ်မှစပြီး နယ်စပ်ရှိ တိုင်းရင်းသားဒုက္ခသည်များ အရေးကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှဒုက္ခသည်များအား တတိယနိုင်ငံသို့ဆက်လက် အခြေချနေထိုင်နိုင်ရေးအတွက် စတင်ကူညီ ဆောက်ရွက်ခဲ့သည်။ တတိယနိုင်ငံသို့ ရောက်ရှိနေထိုင်ခဲ့ ကြပြီိးသော ကရင်၊ ကရင်နီဒုက္ခသည်များသည် လူဦးရေအားဖြင့် လေးသောင်းနီးပါးရှိပြီး ၈၀၀ နီးပါးခန့်သာ ကရင်နီဒုက္ခသည်များပါဝင်သည်။ သို့ဖြစ်ပါ၍ အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ၌ နယ်စပ်ရှိ သောင်တင်နေသည့် တိုင်းရင်းသား ဒုက္ခသည်များ၏ အရေးကိုလည်း အာဆီယံ ခေါင်းဆောင်များမှ စစ်အစိုးရအား တိုက်တွန်းဖိအား ပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ |