ခေါင်းပေါင်းအနီ ဆင်ဆွယ်ရောင်တိုက်ပုံ အင်္ကျီနှင့် ရှမ်းဘောင်းဘီကို ၀တ်ဆင်ထားသောအဖိုးသည် ပေ ၃၀ အမြင့်ရှိ ကျောက်ဆောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော ကေ့တျားတိုင်တော်ကို လက်အုပ်ချီ ကန်တော့နေသည်။
ကေ့တျားတိုင်တော် တင်ထားသော ကျောက်ဆောင်အောက်ခြေ အနီးပတ်ပတ်လည်တွင်လည်း သက်ကြီးသက်ငယ် အရွယ်များအားလုံးက ဗုံ၊ လင်းကွင်း၊ မောင်းများ တီးခတ်ပြီး ကရင်နီတို့၏ ရိုးရာအကများဖြင့် တက်ညီလက်ညီ ယိမ်းထိုးကခုန် နေကြသည်။
ကေ့တျားတိုင်တော်ကို ကရင်နီရိုးရာအကဖြင့် ပူဇော်နေကြခြင်းပင် ဖြစ်သည်။
ကေ့တျားတိုင်တော်သည် ကရင်နီလူမျိုးများ တောစောင့်နတ်၊ တောင် စောင့်နတ်များကို ပူဇော်ပသရာတွင် အထွဋ်အမြတ်ထားကြသော တိုင်တော် ဖြစ်သည်။
ပူဇော်ပသနေကြသော ဌာနေဒေသမှာ ကရင်နီပြည်နယ် တစ်မိုးအောက်တွင် အချက်အခြာ ကျသောတောင် (မိုးချက်တောင်တော်)ဟု အဓိပ္ပါယ်ရသည့် ကရင်နီဘာသာစကားဖြင့် ဒီးမော့ဆိုမြို့ဟု အမည်ရှိ မြို့လေးတစ်မြို့တွင် ဖြစ်ပါသည်။
ဒီးမော့ဆိုမြို့တွင်ရှိသော ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် ထိုတောင် သုံးတောင်ထဲမှ ငွေတောင်ဟု အမည်သွင်သော တောင်ခြေရင်းတွင် တောတောင် စောင့်နတ်ကို ပူဇော်ပသနေခြင်းဖြစ်သည်။
လာရောက်ပူဇော် ကန်တော့ကြသူများသည် ဒီးမော့ဆိုမြို့နယ် အတွင်းကျေးရွာပေါင်း(၂၆)ရွာမှ ရွာသူရွာသားများ ဖြစ်ကြသည်။
တစ်ရွာချင်းစီ၏ စုပေါင်းအလှူငွေ လက်ခံရရှိသည့်အတိုင်း ကြက်တစ်ကောင် နှင့် ၀က်တစ်ကောင်ကို ကရင်နီလူမျိုးများ၏ ဓလေ့ထုံးစံအတိုင်း ကြက်နှင့်ဝက်၏ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုစီကို ဖြတ်ယူပြီး ဆက်ကပ်ပူဇော်ကြသည်။
၎င်းငွေတောင်အမည်ရှိသည့် တောင်ကို ထိုသို့ပူဇော်ပသခြင်းသည် သမာရိုးကျ နှစ်စဉ်နှစ်တိုင်း ပူဇော်ပသခြင်း မဟုတ်ကြောင်း သိခဲ့ရသည်။
ထိုအကြောင်းကို ရှေးမှီနောက်မှီ အဖိုးဦးဗျားရယ်က ရှင်းပြခဲ့ရာမှာ…
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီတောင်ခြေမှာ ရတနာတွေရှိတယ်ဆိုပြီး တူးဖော်ရေးတွေ လုပ်ခဲ့ကြဖူးတဲ့ အဖွဲ့တစ်ဖွဲ့ ရှိခဲ့ကြတယ်။ ဒီတောင်က အရမ်းကိုနတ်ကြီးပါတယ်။ တန်ခိုးကြီးတယ်။ တစ်ခုခုပြောဆိုမှား၊ ပြုလုပ်မှားတာ တစ်ခုခု လုပ်မိခဲ့ရင် အမှားလုပ်မိတဲ့သူလည်း ဒုက္ခရောက်တတ်တယ်။ ပြည်သူတွေလည်း သွယ်ဝိုက်တဲ့ နည်းနဲ့ပဲဖြစ်ဖြစ် ဒုက္ခရောက်တတ်တယ်။ ပြောရရင်တော့ မိုးလေ၀သဖောက်ပြန်တာတို့ပေါ့။ ဒါကြောင့်မို့ တောတောင် စောင့်နတ်ကို ပြန်လည်ပူဇော် ကန်တော့ကြတာပါ”
ထို့နောက် ပူဇော်ပသရာတွင် တတ်ကျွမ်းနားလည်သည့် လူကြီးများက ကြက်ရိုး ထိုးခြင်းဖြင့် ကြက်ရိုးအပေါက် တည်ရှိနေခြင်း အခြေအနေနှင့် ၀က်၏အသည်း၊ အသွေးကိုကြည့်ကာ ဟောကိန်းများထုတ်ကြသည်။
အဖိုးဦးဖိုးရယ်က “ကောင်းတဲ့အပေါက်က အောက်ကိုရောက်နေတယ်။ မကောင်းတဲ့ဖက်က အနိုင်ယူနေတယ်။ အလာကောင်းပေမဲ့လို့ အခါနှောင်းသွားတယ် လို့ အဓိပ္ပါယ်ထွက်နေတယ်” ဟု တွေ့ရှိချက်ကို ပြောကြားသွားသည်။
တဆက်တည်းမှာပင် အဖိုးက ၀က်၏အသည်းနှင့် အသွေးကို ဆက်ပြီးကြည့်ရှု့ကာ “အသည်းမှာတော့ အနာအဆာတစ်ခုမှ မတွေ့ဘူး၊ သွေးတွေလဲ ၀ါးလုံးနဲ့ ပြည့်လုနီးပါးရတယ်။ ဒါကတော့ ကောင်းတဲ့ အတိတ်နိမိတ် တစ်ခုပါပဲ” ဟုနောက်ထပ် ဟောကိန်းတစ်ခုကို ထုတ်ဖော်ပြောကြားသွားသည်။
၎င်းငွေတောင်သည် ရှေးကရင်နီလူမျိုးများ လက်ထက်ကပင် ရိုသေလေးစားကြသည်ဟု သက်ကြီးရွယ်အိုများက ပြောဆိုကြသည်။
ထို့ကြောင့် မိမိတို့ပြုခဲ့သော အမှားများကို ကရင်နီရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ရိုသေလေးစားစွာဖြင့် ၀န်ချတောင်းပန် ပူဇော်ပွဲ ကျင်းပခဲ့ပြီး ဖြစ်သည်။
ပူဇော်ပွဲအပြီးမှာတော့ အဖိုးဦးဗျားရယ်က “ဒီလို နတ်ကြီးတဲ့ငွေတောင်ကို တရိုတသေနဲ့ ပူဇော်ပသပြီးတဲ့အခါ နောက်ဖြစ်လာမဲ့ မိုးလေ၀သ အခြေအနေ သော်လည်းကောင်း၊ နိုင်ငံရေးသော်လည်းကောင်း၊ ကောင်းလာတာပဲ ဖြစ်စေ၊ မကောင်းလာတာပဲဖြစ်စေ၊ ကျနော်တို့အားလုံးက ဝေဖန်ပြစ်တင် ကဲ့ရဲ့တာတွေ မလုပ်ရဘူး” ဟုဆက်ပြောရင်း ပူဇော်ပသပွဲ အခမ်းအနားကို ကောင်းမွန်စွာ ကျင်းပပြီးစီးခဲ့ပါသည်။